ကောင်းကင်ပေါ်ကနေ ထူးထူးခြားခြားကျလာတဲ့ အရာများ

ကောင်းကင်ပေါ်ကနေ ဖားတွေ ၊ ပင့်ကူတွေ ပြုတ်ကျလာတာတို့၊ ဒါမှမဟုတ် လူတွေ ၊ ပိုက်ဆံတွေ ပြုတ်ကျတလာတာတို့ကို ကြားဖူးကြပါသလား။ ဟုတ်ကဲ့။ ဒီကနေ့ ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ ကောင်းကင်ပေါ်ကနေ ရွာလာတဲ့ ထူးထူးခြားခြား အရာတွေအကြောင်းပဲဖြစ်ပါတယ်။ ကောင်းကင်ကနေ ကျလာတဲ့ အရာတွေကတော့ အားလုံးသိကြတဲ့အတိုင်း မိုးတို့ – နှင်းတို့ပဲ အဖြစ်များပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုပြီး ထူးခြားဆန်းကြယ်တဲ့ အရာတွေလည်း ကျလာတတ်ပါတယ်။ တကယ်တော့ အဲဒီအရာတွေက မိုးအဖြစ်ရွာချခဲ့ပြီး တကယ်လည်း အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အရာတွေဖြစ်တာကြောင့် ဒီစာလေးကို အဆုံးထိ ဖတ်လိုက်ပါနော်။

 

လူ

လူတစ်ယောက် ကိုယ်ရှေ့တည့်တည့်မှာ မိုးကောင်ကင်ကနေကျလာတာကို မြင်လိုက်ရရင် တစ်ခဏတော့ ကြောင်ပြီး ထိတ်လန့်မိသွားမှာပါ။ ပြုတ်ကျလာတဲ့လူက ဂြိုလ်သားလား – ဒါမှမဟုတ် စူပါမန်းလားဆိုတာ ခဏတော့ တွေးမိသွားကြမှာပါပဲ။ ဒီလိုမျိုး လူတစ်ယောက် ကောင်းကင်ပေါ်က ပြုတ်လာတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ၁၉၇၈ ခုနှစ် – စက်တင်ဘာ ၅ ရက်နေ့ ကယ်လီဖိုးနီးယားပြည်နယ်မှာဖြစ်ခဲ့တတဲ့အဖြစ်အပျက်ပါ။ အဲ့ဒီနေ့မှာ အမေဖြစ်သူနဲ့ သူ့ရဲ့ကလေးဖြစ်သူတို့- နှစ်ယောက်တည်း ကားမောင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ သူ အိမ်ပြန်ရာလမ်းခုလတ်မှာတော့ သူတို့မောင်းနေတဲ့ ကားပေါ်ကို လူတစ်ယောက် ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပါတယ်။ ကားရှေ့တည့်တည့်ကို အရှိန်နဲ့ ကျလာတာကြောင့် ကားမှန်ကွဲအက်သွားပြီး ပြုတ်ကျလာတဲ့လူလည်း လမ်းဘေးကို လွင့်စင်သွားခဲ့ပါတယ်။

တကယ်တော့ အဲဒီပြုတ်ကျလာတဲ့ လူဟာ လေယာဉ်တစ်စင်းပေါ်က လွတ်ကျလာတဲ့ လူတစ်ယောက်ပဲဖြစ်ပြီး အဲဒီနေ့က ကောင်းကင်မှာ လေယာဉ်နှစ်စင်း အပြင်းအထန်တိုက်မိကြပြီး လေယာဉ်ပေါ်က လူ စုစုပေါင်း ၁၂၂ ယောက် သေဆုံးခဲ့ပါတယ်။ ပြုတ်ကျလာတဲ့လူဟာလည်း သေဆုံးခဲ့ပြီး အမေနဲ့ ကလေးဖြစ်သူကတော့ မှန်ကွဲရှရာ အနည်းအကျဉ်းလောက်ပဲ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါလေယာဉ်ပျက်ကျမှုဟာ အခုအချိန်အထိ ကယ်လီဖိုးနီးရဲ့ လေကြောင်းပျံသန်းမှုသမိုင်းမှာ အဆိုးဝါးဆုံလေယာဉ်မတော်တဆဖြစ်မှုအဖြစ်မှတ်တမ်းတင်ထားပါတယ်။

 

ပင့်ကူမိုး

ကားမောင်းနေရင်းနဲ့ဖြစ်ဖြစ် – လမ်းလျှောက်နေရင်းနဲ့ ပဲဖြစ်ဖြစ် ကိုယ့်ရှေ့မှာ ထောင်နဲ့ချီတဲ့ ပင့်ကူတွေဟာ မိုးအဖြစ်ရွာကျလာတဲ့ အဖြစ်အပျက်ကို စိတ်ကူးယဉ်ကြည့် ကြည့်ပါ။ မိမိရှေ့မှာပဲ ထောင်နဲ့ချီတဲ့ ပင့်ကူအုပ်ကြီးဟာကောင်းကင်ကနေ အကောင်လိုက် – အကောင်လိုက်ကောင်းကင်ကနေ ပြုတ်ကျပြီး ရှေ့ကလမ်းမပေါ်မှာလည်း ပင့်ကူတွေချည်းပဲဖြစ်နေမှာ အသေအချာပါပဲ။ ဒီလိုအဖြစ်မျိုးဟာ ရုပ်ရှင်ကားတွေမှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်နေမှာပါ။

ဟုတ်ပါတယ်။ လက်တွေ့ဘဝမှာလည်း ဒီလိုမျိုးထောင်နဲ့ချီတဲ့ ပင့်ကူတွေ မိုးအဖြစ် ရွာချလာတဲ့ အဖြစ်အပျက်မျိုး တကယ်ရှိခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက မြို့ငယ်တစ်မြို့မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး ပင့်ကူမိုးကို ကိုယ်တိုင် ကြုံတွေ့လာခဲ့သူကတော့အသက် ၂၀ အရွယ်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲကို ဗီဒီယိုသွားရိုက်ပေးပြီး အပြန်လမ်းမှာ အခုလို ပင့်ကူမိုးရွာချလာတာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ထူးခြားတဲ့ ဒီအဖြစ်အပျက်ကို တစ်ခါတည်း သူ့မှာပါလာတဲ့ ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းရယူထားနိုင်ပြီး YouTube ပေါ်ကို တင်လိုက်ရာမှာတော့ တစ်ခဏအတွင်း လူကြည့်များတဲ့ ဗီဒီယိုတစ်ခုဖြစ်လာခဲ့ပါတယ်။

ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ အဆိုပါ လမ်းမပေါ်ရောက်ရှိနေတဲ့ ပင့်ကူတွေက တောထဲမှာ အနေများတဲ့ ပင့်ကူတွေဖြစ်ပြီး ပင့်ကူအိမ်ဆောက်ရာမှာလည်း တခြားပင့်ကူတွေနဲ့မတူတဲ့ ထူးခြားတဲ့ ပင့်ကူတွေဖြစ်တယ်လို့ သိရပါတယ်။ လူတွေကတော့ အဲဒီပင့်ကူတွေဟာ လေနဲ့အတူပါလာပြီး မိုးအဖြစ် ရွာချလာတယ်လို့ ယုံကြည်ကြပါတယ်။

 

ဖားမိုး

ကောင်းကင်ကနေ ဖားတွေ မိုးအဖြစ်ကျလာတဲ့ အဓိပ္ပာယ်ဟာ သမ္မာကျမ်းစာအရတော့ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာမြေပေါ်ကို ဖားမိုးတွေ အမှန်တကယ် ရွာချခဲ့ဖူးပါတယ်။ ကမ္ဘာပါ်မှာ ဖားမိုးရွာချတဲ့ ဖြစ်စဉ်ဟာ ၄- ခါလောက်ဖြစ်ခဲ့ပါတယ်။ ဖားတွေဟာ ကောင်းကင်ဘုံက ကျလာသလိုမျိုး မိုးအဖြစ်ရွာချလာဖြစ်ပြီး အဲဒီနေရာတစ်ခုလုံးမှာ ဖားတွေချည်းနဲ့ ပြည့်နှက်သွားတာပါ။

ကျမ်းစာအရတော့ ဒီလို ဖားမိုးရွာတဲ့အကြောင်းအရင် တစ်မျိုး ရှိကောင်းရှိနိုင်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီလိုဖားမိုးတွေရွာချတာဟာ ဖားတွေ အစုလိုက်အပြုံလိုက် နေနေတဲ့ ရေကန်အနီးတစ်ဝိုက်မှာ လေဆင်နှာမောင်းတစ်ခုဖြစ်ပြီး လေဆင်နှာမောင်းနဲ့ အတူ ဖားတွေဟာ ပါလာခဲ့ပါတယ်လို့ ဆိုပါတယ်။ အဆိုပါ လေဆင်နှာမောင်းဟာ ရေကန်နားတစ်ဝိုက်ကို တိုက်ချိန်မှာတော့ ရေတွေကို စုပ်ယူထားတဲ့ ရေ-ဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားကာ မိုးအဖြစ်နဲ့ ရွာချခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

နွားမိုး

လေထဲပျံနေတဲ့ နွားကြီးတစ်ကောင်ကောင်းကင်ကနေ ပြုတ်ကျလာတယ်လို့ ပြောရင် ပရိတ်သတ်တို့ ယုံမှာတောင် မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ရှိပြီး ၁၉၉၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဂျပန်ပင်လယ်ပြင်ထဲမှာ ရေနံတူးနေတဲ့ ရုရှားစက်လှေတစ်စင်းဟာ ဂျပန်ငါးဖမ်းသမားတစ်ယောက် ပင်လယ်ထဲမှာ မျောပြီး ကူးခတ်နေတာတွေ့လို့ ကယ်တင်ခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး ပင်လယ်ထဲမှာ ကူးနေရတာလဲလို့ တာဝန်ရှိသူတွေက မေးမြန်းရမှာတော့ – သူဒီလို ပင်လယ်ထဲ ငါးမျှားနေရင်းနဲ့ သူ့ခေါင်းပေါ်တည့်တည့်ကို ကောင်းကင်ပေါ်က နွားတစ်ကောင် ရုတ်တရက် ပြုတ်ကျလာလို့ သူ့ရဲ့ လှေကလေးဟာလည်းပျက်စီးသွားတာကြောင့် ပင်လယ်ထဲ ရေကူးနေနေရပြီး သူ့ကို ကယ်တင်မယ့်လူတွေကို စောင့်နေရကြောင်းကို ပြောဆိုခဲ့ပါတယ်။

တံငါသည်ဟာ သူကြုံတွေ့ခဲ့ရသမျှကို ပြောပြရှာပေမယ့် – ရုရှားသင်္ဘောသားတွေဟာ သူပြောသမျှကို မယုံကြည်ကြပါဘူး။ တံငါသည် ပြောတာကလည်း မယုံကြည်နိုင်စရာကောင်းနေပြီး ကောင်းကင်ထဲကနေ နွားကြီးတစ်ကောင် ပြုတ်ကျလာတယ်ဆိုတာ တွေးကြည့်ရင် ယုတ္တိလုံးဝမရှိတဲ့ ကိစ္စပါပဲ။  လေထဲက ကျလာတဲ့နွားကြီးအမှုဟာ ဒီမှာတင် မရပ်သွားသေးပါဘူး။ ဒီလို ကိစ္စတွေဖြစ်ပြီး ၂-ပတ် အကြာမှာတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ရုရှားလေတပ်က ဝန်ထမ်းတစ်ယောက်ဟာ ဂျပန်အာဏာပိုင်တွေဆီကိုလှမ်းပြီး သတင်းပို့ပါတယ်။ အဲဒီသတင်းကတော့ သူတို့တပ်ထဲက ဝန်ထမ်းတစ်ယောက်ဟာ အမဲသားအတွက် နွားတစ်ကောင်ကို လေယာဉ်ပေါ်တင်ပြီး ခိုးသွားတဲ့ သတင်းပါပဲ။

နွားကြီးက လေယာဉ်ပေါ်ရောက်တော့ သောင်းကြမ်းနေတာကြောင့် လေယာဉ်ဟာ ထိန်းလို့မရတော့ဘဲ လူးခါပြီး ပျက်ကျတော့မယ့် အခြေအနေဖြစ်လာပါတယ်။ အဲဒါနဲ့ အဆိုပါ စစ်သားဟာ နွားကြီးကို လေယာဉ်ပေါ်ကနေ လွတ်ချလိုက်ပါတယ်။ ကံဆိုးစွာနဲ့ပဲ အေးအေးလူလူ ငါးဖမ်းထွက်နေတဲ့ ငါးဖမ်းသမားရဲ့ လှေပေါ်ကို ကန်ချခံလိုက်ရတဲ့ နွားကြီးဟာ ပြုတ်ကျလာပြီး ငါးဖမ်းလှေပျက်စီးသွားခဲ့ပါတယ်။ ကောင်းကင်ပေါ်ကနေ နွားပြုတ်ကျလာရတဲ့ ဇာတ်လမ်းလေးကတော့ ဒါပါပဲကွယ်။

 

တီကောင်မိုး

ကောင်းကင်ပေါ်ကနေ တီကောင်တွေ ပြုတ်ကျလာခြင်းရဲ့ အကြောင်းအရင်းနောက်ခံကိုတော့ ယခုအချိန်အထိ အဖြေရှာလို့မရသေးပါဘူး။ တီကောင်မိုးရဲ့ အဖြစ်အပျက်ကတော့ ဒီလိုပါ။ ဒေးဗစ်လို့ ခေါ်တဲ့ ကျောင်းဘောလုံးအသင်းနည်းပြဆရာတစ်ယောက်ဟာ သူ့ရဲ့ တပည့်တွေနဲ့ ကျောင်းဘောလုံးကွင်းထဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေပါတယ်။ တစ်ခဏအကြာမှာတော့ ကောင်းကင်ကနေ တီကောင်တွေဟာ အထွေးလိုက် -သည်းကြီးမည်းကြီးရွာချလာတာကို သူတို့ မြင်တွေ့လိုက်ရပါတယ်။ ကောင်းကင်ပေါ်ကိုကြည့်လိုက်တော့လည်း မိုးရွာဖု့ိအခြေအနေလည်း မရှိသလို – တိမ်လည်း ကင်းစင်နေပါတယ်။ ဒီလို တီထွေးကြီးတွေ ပြုတ်ကျလာတာဟာ ကလေးတွေအတွက်တော့ ပျော်စရာတစ်ခုဖြစ်ခဲ့ပါတယ်။

ကလေးတွေဟာ သူတို့အချင်းချင်းခေါင်းပေါ်ကျလာတဲ့ တီကောင်တွေကို ကြည့်ပြီး ဟားတိုက်ရယ်မောခဲ့ကြပါသေးတယ်။ ဆရာဖြစ်သူကတော့ ကျလာတဲ့ တီကောင်တွေကို သက်သေအဖြစ် လိုက်ကောက်ပြီး သိမ်းထားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆရာဟာ တက္ကသိုလ်သိပ္ပံခန်းတွေက သူငယ်ချင်းဖြစ်သူတွေဆီ သွားပြီး ဒါဘာကြောင့်ဖြစ်သလဲဆိုတာကို အဖြေရှာဖို့ သွားပြခဲ့ပါတယ်။ ဆရာတစ်ယောက်ကတော့ ဒါဟာ ရာသီဥတုအခြေအနေကြောင့်ဖြစ်မယ်လို့ ပြောခဲ့ပေမယ့် တီကောင်တွေ ပြုတ်ကျလာတဲ့ နေ့က မိုးလည်း မရွာ – လေလည်း မတိုက်ခဲ့ပါ။ ဒါ့အပြင် အဲဒီနေ့ကသူတို့နေထိုင်တဲ့ မြို့အနီးနားတစ်ဝိုက်မှာ မုန်တိုင်းလည်း မရှိသလို – လေဆင်နှာမောင်းတိုက်ခံရတာမျိုးလည်း မရှိခဲ့တာကြောင့် ပိုမိုထူးဆန်းနေပါတယ်။

 

သွေးမိုး

မိုးကောင်းကင်ကနေ သွေးမိုးရွာတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ မကောင်းတဲ့ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာသာရေးအယူအဆတွေ – ဒဏ္ဌာရီလာ ဇာတ်လမ်းတချို့တွေအရလည်း သွေးမိုးရွာချတယ်ဆိုတာ ကံဆိုးမှုတွေဖြစ်လာမယ့်နိမိတ်လို့ ယူဆထားကြတာပါ။ ဒီလိုမျိုး သွေးမိုးရွာတယ်ဆိုတဲ့ အဖြစ်အပျက်တွေကလည်း အပြင်မှာ တကယ်ဖြစ်ခဲ့ပါတယ်။ သွေးလိုမျိုး အနီရောင်အဆင်းရှိတဲ့ မိုးတွေ ရွာချတယ်ဆိုတာ သမိုင်းမတင်ခင်ကာလကတည်းက ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ သိပ္ပံပညာမထွန်းကားသေးတဲ့ ကာလဖြစ်တာကြောင့် မိုးကောင်ကင်ဟာ တကယ်ပဲ လူတွေလိုမျိုး သွေးတွေရှိနေလို့ ဒီလို သွေးမိုးရွာချတယ်လို့ပဲ သတ်မှတ်ထားကြပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ စပိန်နိုင်ငံရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ ဇာမိုရာ(Zamora)ဆိုတဲ့ မြို့ငယ်လေးမှာ သွေးလိုမျိုး အနီရောင်အဆင်းရှိတဲ့ မိုးတွေရွာချခဲ့ပါတယ်။ ဒီလိုသွေးမိုးရွာချမှုကြောင့် လူတွေ အကုန်လုံးကလည်း ထိတ်လန့်ခဲ့ရပြီး အဲ့ဒီသတင်းဟာ လှုပ်လှုပ်ခပ်ခပ်ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပျက်တော့မယ့် နိမိတ်လား သို့မဟုတ် မကောင်းတာတစ်ခုခုကြုံလာရတော့မယ့် နိမိတ်လား စသဖြင့်လည်း ယူဆကုန်ကြပါတော့တယ်။ တချို့ကတော့ ဒါဟာ ဓာတုအဆိပ်သင့်မှုတစ်ခုခုဖြစ်တာလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရဘုရားသခင်ဆီက အချက်ပြမှုတစ်ခုလားဆိုပြီးလည်း တွေးခေါ်လာကြပါတယ်။ ဒီအချိန်မှာပဲ စပိန်နိုင်ငံက တက္ကသိုလ်တွေက အဆိုပါ ရွာချခဲ့တဲ့ သွေးမိုးတွေကိုသွားယူပြီး ဓါတ်ခွဲစစ်ဆေးခဲ့ကြပါတယ်။

ဓါတ်ခွဲအဖြေတွေ အရတော့ သွေးမိုးရွာချခြင်းဟာ သဘာဝရဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဲဒီအနီရောင်မိုးစက်တွေကလည်း တကယ့်သွေးအစစ်တွေ မဟုတ်ပါဘူး။ သွေးမိုးရွာချခြင်းရဲ့ အကြောင်းအရင်းကတော့ ရေချိုတွေမှာ တွေ့ရလေ့ရှိတဲ့အစိမ်းရောင်မိုက်ခရိုမှော်ပင်တွေ ကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါ မှော်ပင်တွေဟာ တိမ်တွေပေါ်ရောက်ရှိသွားချိန်မှာတော့ မိုးတိမ်တွေရဲ့ ဖိအားကြောင့် အစိမ်းရောင်ကနေ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့တာပါ။ အဲဒီအနီရောင်ဓါတ်ဟာ မိုးတွေနဲ့ ရောနှောသွားခဲ့ပြီး ကမ္ဘာမြေပေါ်ကို အနီရောင်မိုးစက်တွေအဖြစ်ပြောင်းလဲသွားခဲ့ပဲဖြစ်ပါတယ်။  ဒါဟာ မကောင်းတဲ့ နိမိတ်လည်း မဟုတ်သလို- ကမ္ဘာပျက်မယ့် နမိတ်လည်း မဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့ သွေးမိုးရွာတာကို ကြုံကြိုက်လို့ရှိရင် သို့လောသို့လောဖြစ်ပြီး ဆူဆူပူပူလည်းဖြစ်စရာ မလိုအပ်ပါဘူး။ ဒါ့အပြင် အဆိုပါ အနီရောင်မိုးစက်တွေဟာ အဆိပ်မပါဝင်တဲ့အရာတွေဖြစ်တာကြောင့် အန္တရာယ်လည်းကင်းပါတယ်။

ငါးတွေရွာချတဲ့မိုး

လေပေါ်ပျံတတ်တဲ့ငါးတွေရှိသလို လေပေါ်ကနေ ပြုတ်ကျလာတဲ့ ငါးတွေလည်းရှိပါတယ်။ ကောင်းကင်ပေါ်ကနေ ငါးတွေပြုတ်ကျလာတာက တကယ့်ကိုထူးခြားဆန်းကြယ် ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဈေးဝယ်သွားရင်း အပြင်ကို ထွက်လာချိန်မှာ ထီးတစ်ချောင်းကိုင်ပြီးလမ်းဘေးရပ်နေချိန် လမ်းမပေါ်နေရာအနှံ့ ငါးလေးတွေ ဖျပ်ဖျပ်လူးနေ တဲ့မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ပါ။ ကျွန်မတို့အနေနဲ့ကတော့ ထူးဆန်းလိုက်တယ်လို့ တွေးမိမှာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီမှာနေထိုင်တဲ့ ကြောင်လေးတွေ အတွက်ကတော့ သူတို့တစ်သက်မှာ ဒီမိုးကပျော်ဖို့ အကောင်းဆုံးပဲလို့ တွေးမိမှာအမှန်ပါပဲ။ အဲဒီလိုမိုးရွာသွန်းမှုမျိုး ဖြစ်ကောဖြစ်နိုင်ပါ့မလားလို့ ပရိသတ်ကြီးလည်း တွေးမိကြမှာပါ။

ဒီအဖြစ်ကတော့ အတော့်ကိုရိုးရှင်းပြီး ရှင်းပြရလွယ်ကူတဲ့ ဖြစ်စဉ်ပါ။ သမုဒ္ဒရာရဲ့တစ်နေရာရာမှာ ရေဆင်နှာမောင်းတိုက်ခတ်တဲ့အခါ ဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။ လေဖိအားနည်းနေချိန် လေက လည်းပြင်းထန်လွန်းတာကြောင့် ရေထဲမှာရှိနေတဲ့ ငါးလေးတွေအကုန် ရေဆင်နှာမောင်းထဲပါလာပါတယ်။ လေအားလျော့နည်းသွားချိန်မှာတော့ အဲဒီငါးလေးတွေအကုန် မြေပြင်ပေါ်ကျလာပြီး ဒီလိုထူးဆန်းတဲ့ ငါးမိုးရွာသွန်းမှု တစ်ခုဖြစ်လာပါတယ်။

ဒီလို ငါးမိုးရွာသွန်းမှုက ရှားပါးတယ်လို့ပြောလို့ရပေမဲ့ နှစ်တိုင်းနီးပါးဖြစ်တတ်ပါတယ်။ ၂၀၁၆ မတ်လလောက်တုန်းက ဩစတြေးလျမှာလည်း ငါးမိုးရွာသွန်းခဲ့ပါသေးတယ်။ အနီးအနားမှာ ရေမပြောနဲ့ မြစ်တွေချောင်းတွေတောင် မရှိတဲ့နေရာမှာ နေထိုင်ကြတဲ့ဒေသခံတွေ အတွက်ကတော့ ဒီလိုငါးတွေ ကောင်းကင်ပေါ်ကပြုတ်ကျလာတာဟာ အတော့်ကို အံ့အားသင့်စရာဖြစ်စဉ်ကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ သဘာဝတရားကြီးလည်း တစ်ခါတလေ ဟာသလေးတွေ ဖန်တီးပေးတတ်တယ်လို့ ဆိုရပါမယ်။

  နဲ့