သင်ယုံနိုင်မှာမဟုတ်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကလေးကစားစရာအရုပ် (၁၀) ရုပ်

အခုတစ်ခေါက် သင်္ကေတချယ်နယ်ကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနဲ့ ဈေးအကြီးဆုံးကလေးကစားစရာအရုပ်တွေအကြောင်း ပဲဖြစ်ပါတယ်။ အဆိုပါ ကလေးကစားစရာအရုပ်တွေထဲမှာ စိန်တွေ၊ ရွှေတွေ၊ ပတ္တမြားတွေ စီခြယ်ထားတဲ့ အရုပ်တွေ လည်း ပါဝင်ပြီး သမိုင်းဝင်အရုပ်တွေလည်း ပါဝင်ပါတယ်။ ကဲ….ဘယ်ကစားစရာအရုပ်တွေက ကမ္ဘာ့ဈေးအကြီးဆုံး အရုပ်တွေဖြစ်နေသလဲ၊ ဘာကြောင့် ဈေးအကြီးဆုံးအရုပ်တွေဖြစ်နေခဲ့သလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

၁၀ – ပလက်တီနမ်ချိုလိမ် (Platinum Pacifier)

ကလေးတစ်ယောက်ရဲ့ပထမဆုံးကစားစရာအရုပ်ဟာ သူ့ပါးစပ်မှာ တပ်ထားပေးတဲ့ ချိုလိမ် အရုပ်တစ်ရုပ်သာ ဖြစ်ပါတယ်။ အဆိုပါ ချိုလိမ်တွေထဲမှာ ဈေးအကြီးဆုံးချိုလိမ်တစ်ခုရှိပြီး အဆိုပါ ချိုလိမ်တစ်ခုလုံးဟာ ပလက်တီနမ်တွေနဲ့ သွင်းလောင်းဖန်တီးထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့တန်ကြေးကတော့အမေရိကန်ဒေါ်လာ ၈ သောင်းခွဲအထိ ရှိပြီး အဆိုပါ ပလက်တီနမ်ကို ဖန်တီးခဲ့သူကတော့ ဗြိတိန်က နာမည်ကျော်ပန်းတိမ်ဆရာ မက်ထ်ကေ့စ်(Matt Case)ဆိုသူပဲ ဖြစ်ပါတယ်။

သူဟာ ဒီချိုလိမ်ကို စတင်ဖန်တီးထုတ်လုပ်ကတည်းက သူ့လက်ရာဟာ ကမ္ဘာ့ဈေးအကြီးဆုံးချိုလိမ်ဖြစ်ရမယ်လို့ရည်ရွယ်ပြီး ဖန်တီးထုတ်လုပ်ခဲ့တာပါ။ သူ့ရှေ့မှာတော့ ရွှေနဲ့စိန်တို့ကို ထည့်သွင်းအသုံးပြုထားတဲ့ ချိုလိမ်တစ်ခုရှိခဲ့ပြီး အခုချိုလိမ်ကတော့ အဆိုပါ ချိုလိမ်ရဲ့ တန်ဖိုးထက် ၅ ဆ ပိုဈေးကြီးပါတယ်။ ဒါကြောင့် သူ ဖန်တီးခဲ့တဲ့ ပလက်တီနမ်ချိုလိမ်ဟာ ကမ္ဘာ့ဈေးအကြီးဆုံးချိုလိမ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတော့တယ်။

၉ – ဒါ့ခ် ဗေဒါ ရဲ့ ခေါင်းဆောင်းအစစ် (Darth Vader Helmet)

ကမ္ဘာ့ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးရုပ်ရှင်စီးရီးတစ်ခုဖြစ်ခဲ့တဲ့ စတားဝါးစ်(Star Wars) ရုပ်ရှင်ကားတွေထဲမှာ ဗီလိန်လူဆိုးကြီး ဒါ့ခ် ဗေဒါ ရဲ့ ခေါင်းဆောင်းဟာလည်း တန်ဖိုးနည်းနည်းနဲ့ ရနိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ စတားဝါးရုပ်ရှင်ကားထဲမှာ ဗီလိန်လူဆိုးကြီး ဝတ်ဆင်ခဲ့တဲ့ တကယ့်ခေါင်းဆောင်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁သိန်း-၁သောင်း-၅ ထောင် ($115,000) အထိ တန်ကြေးပေါက်ခဲ့ပါတယ်။ အပြင်က လူတစ်ယောက်အနေနဲ့ ကြည့်ရင် အဆိုပါခေါင်းဆောင်းဟာ ရွှေနဲ့ လုပ်ထားတဲ့ခေါင်းဆောင်းလည်း မဟုတ်သလို ဘာတန်ကြေးမှ မရှိတဲ့ခေါင်းဆောင်းအမည်းကြီးလို့ပဲ မြင်မိကြမှာ အမှန်ပါပဲ။

ဒါပေမယ့် စတားဝါးစ်ရုပ်ရှင်ကားပရိသတ်အတွက်တော့ အဆိုပါ ခေါင်းဆောင်းဟာ ၂ ခုမရှိနိုင်တဲ့ ခေါင်းဆောင်းကြီးဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်ကားတွေရဲ့ သမိုင်းမှာ နာမည်အကြီးဆုံးဇာတ်ကောင်တစ်ကောင်အသုံးပြုခဲ့တဲ့ တကယ့်အသုံးအဆောင်တစ်ခုလည်း ဖြစ်နေတာမို့ အဲဒီလောက်အထိ တန်ကြေးမြင့်တက်သွားခြင်းပဲဖြစ်ပါတယ်။

၈ – ဒေါ်လာ ၂ သန်းတန်ဘောလုံး (Shimansky Soccer Ball)

ဘောလုံးပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် အလုအယက်ကန်ကြရတဲ့ ဘောလုံးတစ်လုံးဟာ တန်ဖိုးကြီးဘောလုံးတစ်လုံးဖြစ်နေခဲ့ရင် လုံးဝကို ကန်ချင်စိတ်ပေါက်မှာတောင်မဟုတ်ပါဘူး။ အခုပြောပြပေးသွားမယ့် ဘောလုံးကတော့ ဘောလုံးတစ်လုံးဆိုပေမယ့် စိန်တွေနဲ့ ဝိုင်းရံစီခြယ်ထားတဲ့ စိန် ဘောလုံးတစ်လုံးပဲ ဖြစ်ပါတယ်။ ရှီမန်းစကီးစိန်ဘောလုံးလို့ နာမည်ပေးထားတဲ့ အဆိုပါ ဘောလုံးမှာ စိန်အဖြူအလုံးရေ ၆ထောင့် ၆ရာ ၂ ဆယ် (6620) ကပ်ထားပြီး စိန်အမည်းကတော့ အလုံးရေ ၂ ထောင့် ၆ရာ ၄ ဆယ် (2640) အထိကပ်ထားပါတယ်။ အဆိုပါ စိန်တွေဟာ စိန်လောကမှာ နာမည်တစ်လုံးနဲ့ ရှိနေတဲ့ အရည်အသွေးမြင့်တောင်အာဖရိကစိန်တွေပဲဖြစ်ပြီး ဘောလုံးတစ်လုံးရဲ့ မျက်နှာပြင်ဟာ အပ်ချစရာနေရာတစ်နေရာမှ မရှိအောင် စိန်တွေနဲ့ ပြည့်နှက်နေပါတယ်။

စိန်ဖြူ-စိန်မည်းတွေနဲ့ စီခြယ်ထားတဲ့ အဆိုပါဘောလုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၅ မီလျံအထိ ရှိခဲ့ပါတယ်။ ကန်လို့ရတဲ့ ဘောလုံးတစ်လုံးဆိုပေမယ့် စိန်အပွင့်တွေနဲ့ စီခြယ်ထားတဲ့ ဘောလုံးဖြစ်တာကြောင့် အားထည့်ပြီး ကန်လိုက်ဖို့တောင် မတွေးရဲလောက်တဲ့ ဘောလုံးတစ်လုံးပဲဖြစ်ပါတယ်။

၇ – စိန်တွေနဲ့ စီခြယ်ထားတဲ့ အရုပ်ကား (Diamond-studded Hot wheels)

အမေရိကန်ကားအရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟော့ထ်ဝှီးလ်စ် (Hot Wheels) ကုမ္ပဏီရဲ့ နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားခဲ့တဲ့ ကားတစ်စင်း ရဲ့တန်ကြေးကလည်း တကယ့်ကို မျက်ခုံးပင့်စရာဈေးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ချောင်းတစ်ချောင်းအရွယ်လောက်ရှိတဲ့ အဆိုပါကားအရုပ်ဟာ အဝေးကနေ ကြည့်လိုက်တာနဲ့ လက်လက်ထနေတဲ့ အရုပ်တစ်ရုပ်လိုဖြစ်ပြီး အဆိုပါကားကို ရတနာပစ္စည်းတွေနဲ့ စီခြယ်ထားတာပဲဖြစ်ပါတယ်။

အပြာရောင်- အနက်ရောင်-အဖြူရောင်စိန်တွေ အလုံးရေ ၂ထောင့် ၇ ရာ(2,700) နဲ့ တစ်ကားလုံးကို စီခြယ်ထားပြီး အောက်ခံအရာကတော့ ၁၈ ကာရက်ရှိတဲ့ အဖြူရောင်ရွှေအပြားဖြစ်ပါတယ်။ ကားရဲ့ ဘရိတ်မီးအလင်းရောင်နေရာမှာ ကပ်ထားတဲ့ ရတနာကတော့ ပတ္တမြားတွေပဲဖြစ်ပါတယ်။ အဆိုပါစိန်တွေနဲ့ စီခြယ်ထားတဲ့အရုပ်ကားလေးကို လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်း($140,000)အထိ ရရှိခဲ့ပါတယ်။ ဒေါ်လာတစ်သိန်းကျော်ပမာဏဟာ တကယ့်ကားအစစ်ကောင်းကောင်းဝယ်ယူနိုင်တဲ့ ပမာဏဖြစ်ပေမယ့် အရုပ်စုဆောင်းသူတစ်ယောက်ကတော့ အဆိုပါကားကို ဝယ်ယူစုဆောင်းသွားခဲ့ပါတယ်။

၆- ဂျီအိုင်ဂျိုးအရုပ်နမူနာ (G.I. Joe Toy Soldier Prototype)

အခုတစ်ခေါက်ပြောပြပေးသွားမယ့် ကလေးကစားစရာအရုပ်ကတော့ တကယ့်အရုပ်တစ်ရုပ်တော့မဟုတ်ပါဘူး။ ဂျီအိုင်ဂျိုးဟာ အမေရိကန်အရုပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟက်စ်ဘရို (Hasbro)ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ နာမည်ကျော်အမေရိကန်စစ်သားအရုပ်တစ်ရုပ်ပဲဖြစ်ပါတယ်။ ဟက်စ်ဘရိုကုမ္ပဏီက ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ဂျီအိုင်ဂျိုးစစ်သည်အရုပ်ဟာ ၁၂ လက်မအမြင့်ရှိပြီး ၁၉၆၄ ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်။ အခုပြောပြပေးသွားမယ့်အရုပ်ကတော့ အဆိုပါ ၁၂ လက်မ အရုပ်မဖြစ်ခင် ကနဦးစမ်းသပ်ထုတ်လုပ်ထားတဲ့ ပရိုတိုတိုက်(Prototype)အရုပ်ပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ဟက်စ်ဘရိုက ထုတ်တဲ့ ဂျီအိုင်ဂျိုးအရုပ်တွေဟာ ဒေါ်လာ ၅၀ လောက်သာ ပေးရပေမယ့် အခုအရုပ်နမူနာလေးကတော့ တန်ကြေးမြင့်အရုပ်တစ်ရုပ်ပဲ ဖြစ်ပါတယ်။ အဆိုပါအရုပ်ကလေးကို ၂၀၀၃ ခုနှစ်- အများပြည်သူရှေ့မှောက်မှာ လေလံတင်ရောင်းချခဲ့ပြီး ဒေါ်လာ ၂သိန်းနဲ့ ရရှိခဲ့ပါတယ်။ ဒေါ်လာ ၂သိန်းဆိုတဲ့ ပမာဏဟာ အရုပ်ကလေးတစ်ရုပ်အတွက်တော့ အလွန်များပြားလှတဲ့ ပမာဏတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

၅ – ရွှေအတိပြည့်နေတဲ့လက်လုပ်မြင်းစီးအရုပ် (Handmade Gold Rocking Horse Ginza Tanaka)

ငယ်ငယ်တုန်းက ဆော့ကစားခဲ့ကြဖူးတဲ့ ရှေ့- နောက်ယိမ်းထိုးပြီး ကစားလို့ရတဲ့ မြင်းစီးအရုပ်ကလေးတွေကို ပရိသတ်တို့ မှတ်မိကြဦးမှာပါ။ အဲဒီမြင်းစီးအရုပ်တွေထဲမှာ ကမ္ဘာ့ ဈေးအကြီးဆုံးမြင်းစီးအရုပ်တစ်ရုပ်လည်း ရှိခဲ့ပါတယ်။ အဆိုပါဈေးအကြီးဆုံးမြင်းစီးအရုပ်ကလေးတစ်ခုလုံးကို ရွှေနဲ့ပဲ ဖန်တီးပြုလုပ်ထားပြီး ဖန်တီးပြုလုပ်ခဲ့ရာမှာလည်း ရွှေတုံးတစ်ခုလုံးကို အပူပေးပြီး အရည်ဖျော်ချကာ မြင်းရုပ်ပေါ်လာဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ရွှေမြင်းရုပ်ကလေးကို ဂျပန်နိုင်ငံက ပန်းတိမ်ဆရာတစ်ယောက်က ပြုလုပ်ထားခဲ့တာဖြစ်ပြီး တန်ကြေးကတော့ အမေရိကန်ဒေါ်လာ ၆ သိန်းဝန်းကျင် ဖြစ်ပါတယ်။

Ginza Tanaka Rocking Horse

အဆိုပါရွှေမြင်းရုပ်ကလေးကို ဝယ်ယူသွားခဲ့သူကတော့ နာမည်ကျော်အဆိုတော် ဂျေ-ဇီး (Jay-Z) ဖြစ်ပြီး ဇနီးဖြစ်သူ ဘီယွန်ဆေး(Beyoncé) ကိုယ်ဝန်ဆောင်ထားချိန်မှာ ကလေးအတွက်ကြိုတင်ဝယ်ယူစုဆောင်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ မြင်းရုပ်ကလေးဟာ အရုပ်တော့အရုပ်ဆိုပေမယ့်ရွှေအတိနဲ့ ဖန်တီးထားတဲ့ အရုပ်တစ်ရုပ်ဖြစ်တာမို့ အစင်းကြောင်းလေးတစ်ကြောင်း ခြစ်မိသွားတာနဲ့ တန်ဖိုးလျှော့သွားမှာ အသေအချာပါပဲ။

၄ – စိန်လည်စွဲနဲ့ ဘာဘီရုပ် ( Stefano Canturi Barbie )

ဘာဘီအရုပ်ကလေးတစ်ရုပ်ကို စိန်လည်စွဲတစ်ခုတပ်ဆင်ပေးလိုက်ချိန်မှာဆိုရင်တော့ သူ့ရဲ့ဈေးနည်းဟာ ကြောက်ခမန်းလိလိ ထောင်တက်သွားခဲ့ပါတယ်။ ဘာဘီအရုပ်တွေဟာ ကမ္ဘာ့အရုပ်လောကမှာ နာမည်တစ်လုံးနဲ့ နေလာခဲ့တဲ့ အရုပ်တွေပဲ ဖြစ်ပါတယ်။ ကလေးမလေးတွေနဲ့ အမျိုးသမီးထုကြီးအတွက် အသည်းစွဲအရုပ်တစ်ရုပ်ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ ရောင်းချနေဆဲ အရုပ်တစ်ရုပ်လည်း ဖြစ်ပါတယ်။

အဆိုပါ ဘာဘီအရုပ်ကလေးတွေကို ရောင်းချခဲ့ရာမှာ တစ်ခုသော အရုပ်ကတော့ ရှားရှားပါးပါးပဲဖြစ်ပါတယ်။ အဆိုပါ ဘာဘီအရုပ်ကလေးရဲ့ လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ လည်စွဲလေးကတော့ တကယ့်စိန်တွေနဲ့ ပြုလုပ်ထားတဲ့ လည်စွဲလေးတစ်ခုဖြစ်နေခဲ့ပါတယ်။  လည်စွဲတစ်ခုလုံးကို အရည်အသွေးမြင့်စိန်တုံးတွေနဲ့ စီခြယ်ထားပြီး လည်စွဲအလည်ခေါင်မှာတော့ ပန်းရောင်စိန်တုံးကြီးတစ်တုံးကို ထည့်သွင်းထားပါတယ်။ အဆိုပါ ဘာဘီအရုပ်ကလေးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃သိန်း ၂ ထောင်($302,000)အထိ ရှိခဲ့ပါတယ်။ စိန်လည်စွဲနဲ့ ဘာဘီအရုပ်ကလေး ရောင်းချရငွေအားလုံးကို ရင်သားကင်ဆာတိုက်ဖျက်ရေးဖောင်ဒေးရှင်းတစ်ခုစီကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

၃ – LV တံဆိပ်နဲ့ တယ်ဒီ ဝက်ဝံအရုပ်လေး (Steiff Louis Vuitton Teddy Bear)

အရုပ်တွေထဲမှာ လူသိအများဆုံးနဲ့ လူကြိုက်အများဆုံးအရုပ်အမျိုးအစားတစ်ခု ကတော့ ဝက်ဝံအရုပ်ကလေးတွေပဲ ဖြစ်ပါတယ်။ ဝက်ဝံအရုပ်ကလေးတွေဟာ ယောက်ျားလေးရော – မိန်းကလေးတွေရော ကြိုက်နှစ်သက်ကြတဲ့ ရှားရှားပါးပါး အရုပ်ကလေးပဲဖြစ်ပါတယ်။ အခုပြောပြပေးသွားမယ့်ဝက်ဝံအရုပ်ကလေးတစ်ရုပ်ကတော့ တခြားဝက်ဝံအရုပ်တွေနဲ့မတူညီတဲ့ တက်ဒီဝက်ဝံအရုပ်ကလေးပါ။ အဆိုပါဝက်ဝံအရုပ်ကလေးကို ဂျာမနီနိုင်ငံရဲ့ နာမည်ကြီးအရုပ်ထုတ်လုပ်ရေးကုမ္ပဏီ စတိုက်ဖ်(Steiff)က ဖန်တီးထားတာဖြစ်ပြီး အဆိုပါတက်ဒီဝက်ဝံအရုပ်ကလေးကို ဝတ်ဆင်ပေးထားတဲ့ အဝတ်အစားတွေကတော့ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီ လူဝစ်ဗစ်တွန် (Louis Vuitton) က ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဝက်ဝံအရုပ်ကလေးကို ကြည့်လိုက်တာနဲ့ ဘာမှတန်ကြေးမရှိလောက်တဲ့ ဝက်ဝံအရုပ်ကလေးလို့ ထင်သွားရင် မှားသွားပါလိမ့်မယ်။ ဝက်ဝံအရုပ်ရဲ့ အမွှေးအမျှင်တွေမှာ ရွှေစရွှေနတွေ – ရွှေကြိုးတွေ ထည့်သွင်းပြုလုပ်ထားပြီး အရုပ်ရဲ့မျက်လုံးမှာလည်း နီလာနဲ့ စိန်တုံးတွေကို ထည့်သွင်းပြုလုပ်ထားပါတယ်။ LV အဝတ်အစား ဝတ်ဆင်ထားတဲ့ အဆိုပါ ဝက်ဝံအရုပ်ကလေးကိုလေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂.၁ သန်း အထိ ဈေးပေါက်ခဲ့ပါတယ်။ ခုချိန်မှာတော့ အဆိုပါ အရုပ်ကလေးကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ တက်ဒီဝက်ဝံအရုပ်ကလေးတွေရဲ့ ပြတိုက်မှာ ပြသထားပါတယ်။

၂ – မဒမ် အဲလက်ဇန်းဒါး အလက်ဝေးစ် အရုပ်( Madame Alexander Eloise)

အပေါ်ကပြောခဲ့တဲ့ ဘာဘီအရုပ်ကလေးနဲ့ ဝက်ဝံအရုပ်လေးတို့ဟာ ဈေးအလွန်အမင်းကြီးတဲ့ အရုပ်တွေလို့ထင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးအရုပ်လို့ ထင်ခဲ့ရင် မှားသွားပါလိမ့်မယ်။ အခုပြောပြပေးသွားမယ့်အရုပ်ကလေးကတော့ အဆိုပါ အရုပ် ၂ ရုပ်ထက် ဈေးပိုကြီးတဲ့အရုပ်တစ်ရုပ်ပဲ ဖြစ်ပါတယ်။ မဒမ်အလက်ဇန်းဒါးအလက်ဝေးစ်အရုပ်ကလေးကို လေလံတင်ရောင်းချခဲ့ရာမှာ မယုံကြည်နိုင်အောင် ဈေးတစ်ခုနဲ့ လေလံအောင်သွားခဲ့ပြီး အဆိုပါအရုပ်ကလေးကို အမေရိကန်ဒေါ်လာ ၅ မီလျံအထိပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။ စိန်တွေတပ်ဆင်ထားတဲ့ အရုပ်ကလေးတစ်ရုပ်ဖြစ်ပြီး အရုပ်ထဲမှာ ၉ ကာရက်ရှိတဲ့စိန်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အရုပ်တစ်ခုလုံးကို အရုပ်ဖန်တီးသူက သူ့လက်နဲ့ပဲ ဖန်တီးချုပ်လုပ်ထားတာဖြစ်ပါတယ်။ အပေါ်က တက်ဒီအရုပ်ကလေးဟာ LV တံဆိပ်ကို ဝတ်ဆင်ထားလို့ ဈေးအကြီးဆုံးဖြစ်နေတာဆိုရင် အခု အလက်ဝေးစ်အရုပ်ကလေးကို ဂျူချီ (Gucci) အဝတ်သာ ဝတ်ဆင်ပေးလိုက်မယ်ဆိုရင် ဈေးက မတွေးဝံ့စရာဖြစ်နေမှာ အသေအချာပါပဲ။

၁ – ကမ္ဘာ့ဈေးအကြီးဆုံးအရုပ်အိမ်များ ( Titania’s Palace) (Astolat Dollhouse Castle)

အရုပ်ဆိုင်တွေမှာ တစ်ခမ်းတစ်နားပြသထားပြီး အရုပ်ချစ်သူတွေအားလုံးပိုင်ဆိုင်ချင်တဲ့ အရာကတော့ ဒေါလ်ဟောက်စ် (dollhouses) လို့ခေါ်တဲ့ အရုပ်အိမ်လေးတွေပဲ ဖြစ်ပါတယ်။ အရုပ်အိမ်လေးတွေအများစုဟာ ဈေးကြီးတတ်ကြပေမယ့် အခုပြောပြပေးသွားမယ့်အရုပ်အိမ်လေး ၂ အိမ်ကတော့ သင်တွေ့ရှိဖူးခဲ့သမျှ အရုပ်အိမ်လေးတွေထဲမှာ အမိုက်ဆုံး နဲ့ ကမ္ဘာ့ဈေးအကြီးဆုံးအရုပ်အိမ်လေးတွေလည်းဖြစ်ကြပါတယ်။

ပထမဆုံးပြောပြပေးသွားမယ့်အရုပ်အိမ်ကလေးကိုတော့ တိုက်တေနီယာနန်းတော်လို့ အမည်ခေါ်ဝေါ်ထားပြီး တိုက်တေနီယာ နန်းတော်ဟာ ကမ္ဘာပေါ်မှာ ဖန်တီးပြုလုပ်ခဲ့တဲ့ အရုပ်အိမ်တွေထဲမှာ အံ့သြစရာအကောင်းဆုံးအရုပ်အိမ်လေးတစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ အရုပ်အိမ်ကလေးကို ဖန်တီးခဲ့သူကတော့ အချိန် ၁၅ နှစ် ကြာအောင် လက်သမားဆရာတွေနဲ့ ပူးပေါင်းဖန်တီးပြင်ဆင်ခဲ့ရပါတယ်။ တိုက်တေနီယာနန်းတော်လေးအတွင်းမှာ ထည့်ထားတဲ့ ပစ္စည်းပေါင်း ၃ ထောင်ကျော်ရှိပြီး သူ့ရဲ့ တန်ကြေးကတော့ အမေရိကန်ဒေါ်လာ ၂သိန်းခွဲလောက် ရှိပါတယ်။


နောက်ထပ်ဈေးကြီးတဲ့ အရုပ်အိမ်လေးကတော့ အယ်စထိုလက် လို့ခေါ်တဲ့ ရဲတိုက်ပဲဖြစ်ပြီး အဆိုပါ ရဲတိုက်ဟာ အထပ် ၆ ထပ်အထိမြင့်မားပြီးတစ်ထပ်ချင်းစီမှာလည်း အနုစိတ်လှပတဲ့ လက်ရာမြောက် ဖန်တီးမှုလေးတွေ ကိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ရဲတိုက်ထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ ပစ္စည်းသေးသေးလေးတွေက အစ အမှန်တကယ် အသုံးပြုလို့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်ပါတယ်။ အဆိုပါ ရဲတိုက်ထဲမှာ အခန်းပေါင်း ၂၉ ခန်း နဲ့ ပစ္စည်းပေါင်း ၃ သောင်းအထိ ထည့်သွင်းထားပြီး အချိန် ၁၃ နှစ်လောက်ပြင်ဆင်ဖန်တီးခဲ့ရပါတယ်။ အဆိုပါ အရုပ်အိမ်ကလေးရဲ့ တန်ကြေးကတော့အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း အထိ ရှိပြီး ဒီလောက်ပမာဏများပြားတဲ့ ရဲတိုက်အရုပ်အိမ်ကလေးကို ဝယ်ယူသွားသူမရှိဘူးလို့ထင်လိုက်ရင် မှားသွားပါမယ်။ အမည်မဖော်လိုတဲ့ လူတစ်ယောက်ဟာ အဆိုပါ ရဲတိုက်ကို သန်းနဲ့ချီတဲ့ ပမာဏပေးပြီး ဝယ်ယူခဲ့ပါတယ်။

  နဲ့