သင်သိသေးမှာမဟုတ်တဲ့ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းများ

မင်္ဂလာပါ။ သင်္ကေတပေချ့်ရဲ့ ရွှေဉာဏ်ရှင်ကနေပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားလှတဲ့ ဓလေ့ထုံးတမ်းတွေ အကြောင်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ အားလုံး သိကြတဲ့ အတိုင်း ကီမိုနီတွေ – အရောင်စုံ – ချယ်ရီပန်းတွေ – အရသာရှိလှတဲ့ ဆူရှီတို့နဲ့ နာမည်ကျော်ကြားလှပါတယ်။

ဂျပန်နိုင်ငံဟာ ကိုယ်ပိုင် ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်းတွေလည်း ပေါများလှတဲ့ နိုင်ငံတစ်ခုပါ။ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေဟာ တခြားနိုင်ငံတွေနဲ့ မတူဘဲ တစ်မူထူးခြားနေတဲ့ ဓလေ့ထုံးတမ်းတွေပဲဖြစ်ပါတယ်။ ကဲ.. ဘယ်ဓလေ့ထုံးတမ်းတွေက ဂျပန်နိုင်ငံကို ထူးခြားစေခဲ့သလဲဆိုတာ ကြည့်လိုက်ရအောင်။

– ဦးညွှတ်ခြင်း

တစ်ယောက်နဲ့ တစ်ယောက် ဦးညွှတ်ခြင်းဟာ ဂျပန်တို့ရဲ့ လူသိများတဲ့ ဓလေ့ထုံးတမ်းတစ်ခုပါ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်နဲ့တစ်ယောက် ဆုံစည်းကြပြီ- တွေ့ကြပြီဆိုရင် လက်ဆွဲနှုတ်ဆက်တတ်ကြပေမယ့် ဂျပန်မှာတော့ လက်ဆွဲနှုတ်ဆက်မယ့်အစား ဦးညွှတ်ပြီးပဲ အရိုအသေပေးတတ်ကြပါတယ်။

ဟုတ်ပါတယ်။ ဦးညွှတ်ခြင်းက ဂျပန်နိုင်ငံကို စရောက်တဲ့လူတိုင်းကို ကြောင်တောင်တောင်ဖြစ်သွားစေမယ့် ဓလေ့တစ်ခုပါ။ ဂျပန်နိုင်ငံသားတွေအတွက်တော့ ဒီလို ဦးညွှတ်တာဟာ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရတဲ့ အပြုအမူတစ်ခုဖြစ်တဲ့အတွက်ကြောင့် မထူးဆန်းတော့ပါဘူး။ ဦးညွှတ်ရာမှာလည်း ဘယ်သူ့ကို ဘယ်လို-ဦးညွှတ်ရမယ်- ဘယ်နှစ် ဒီဂရီ-ဦးညွှတ်ရင် ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာတွေလည်း ရှိပါတယ်။

ဦးညွှတ်ခြင်းဟာ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်တဲ့အဓိပ္ပာယ်လည်း ပါဝင်သက်ရောက်ပြီး တစ်ခါတစ်ရံမှာတော့ ကြီးမားတဲ့အပြစ်တစ်ခုကို လုပ်မိလို့ ဝန်ချတောင်းပန်တဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ ဂျပန်ကို အလည်သွားမယ့်သူတွေအတွက်တော့ ဦးညွှတ်နှုတ်ဆက်တာတွေ မကြာခဏကြုံရမှာဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခဏ ဦးညွှတ်ရဦးမှာ အသေအချာပါပဲ။ နောက်ပြီး ဟိုတယ်တွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ မကြာခဏ ဦးညွှတ်ပြီး နှုတ်ဆက်ဟန်ကိုလည်း ကြုံကြရမှာပဲဖြစ်ပါတယ်။

 

– နှုတ်ဆက်ခြင်း

ဂျပန်နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာအရ စားသုံးသူတွေ – ဖောက်သည်တွေ – ဈေးဝယ်သူတွေဟာ ဆိုင်ရှင်တွေရဲ့ အရေးအကြီးဆုံးလူတွေပါ။ ဒါကြောင့်လည်း စားသုံးသူတွေကို ဘုရင်တစ်ပါးလို အမြဲဆက်ဆံလေ့ပါတယ်။ ရိုသေသမှုလည်း ပြုလုပ်လေ့ရှိသလို – တစ်ခုခုဆိုရင် ပြာပြာသလဲ ဆောင်ရွက်ပေးလေ့ရှိပါတယ်။

ဈေးဝယ်သူတွေဟာ ဆိုင်ရဲ့ အပြင်ဘက်ကို မထွက်မချင်း ဆိုင်ရှင်တွေက နောက်ကနေ-လိုက်ကာ ဂရုတစိုက်စောင့်ရှောက်ပေးနေမှာပဲဖြစ်ပါတယ်။ ဒါဟာ ဧည့်သည်တွေအတွက်တော့ အနည်းအကျဉ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အပြုအမူလို့ ဆိုရပေမယ့် ဒီအပြုအမူဟာ ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ဂျပန်တို့ရဲ့ ဓလေ့တစ်ခုပါ။


ဒီလိုအဖြစ်အပျက်မျိုးဟာ ဆိုင်တိုင်း-ဆိုင်တိုင်းမှာ ကြုံတွေ့ရမယ့် အဖြစ်အပျက်တစ်ခုဖြစ်ပြီး – ယခုအခါတော့ ဂျပန်နိုင်ငံ ရဲ့ မျိုးဆက်သစ်လူငယ်တချို့က ဒီအပြုအမူဟာ နည်းနည်းလေးတော့ ဧည့်ဝတ်ကျေလွန်းအားကြီးတယ်ဆိုပြီး မပြုလုပ်ကြတော့ပါဘူး။

 

– လိပ်စာကတ်လဲလှယ်ခြင်း

ဂျပန်နိုင်ငံမှာတော့ လိပ်စာကတ်ကို မီရှီ (Meishi) လို့ ခေါ်ပါတယ်။ လိပ်စာကတ်ဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ အဓိကကျတဲ့စတင်ခြင်း တစ်ခုဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လိပ်စာကတ်လဲလှယ်လေ့လည်းရှိကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ မီရှီလို့ ခေါ်တဲ့ လိပ်စာကတ်တွေဟာ စီးပွားရေးလုပ်ကိုင်ရမှာ အလွန်အရေးပါတဲ့အရာတစ်ခုပါ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတိုင်းဟာ သူတို့လက်ထဲရောက်လာတဲ့ လိပ်စာကတ်တွေရဲ့ အပြင်အဆင်ကို ကြည့်ပြီး သင့် စီးပွားရေးနဲ့ အခြေအနေကို ဆုံးဖြတ်လေ့ရှိကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လိပ်စာကတ်လဲလှယ်ရမှာလည်း သတ်မှတ်ထားတဲ့ ဓလေ့တွေလည်း ရှိပါသေးတယ်။ ကိုယ့်ထက် ရာထူးမြင့်တဲ့ လူတစ်ယောက်ကို လိပ်စာကတ်သွားပေးရမှာတော့ ဦးညွှတ်ပြီး ကိုယ်ခန္ဓာကို သူ့ထက် နိမ့်နေအောင် ငုံ့နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် Hajimemashita (ဟာဂျီမင်မက်စ်ရှိတ) တွေ့ရတာဝမ်းသာပါတယ်လို့ လည်း ပြောဖို့ လိုအပ်ပါတယ်။

လိပ်စာကတ်ပေးရမှာလည်း လက်တစ်ဖက်တည်းနဲ့ ပေးတာမျိုးကို ရှောင်ကျဉ်ရမှာဖြစ်ပြီး လက်နှစ်ဖက်နဲ့ပဲ ပေးရမှာပါ။ ဒါဟာ တစ်ယောက်ကို တစ်ယောက် ရိုသေလေးစားမှုကို ပြသတဲ့ အပြုအမူတစ်ခုလို့ ဂျပန်တို့က ခံယူထားပါတယ်။ ကတ်ပေးရမှာလည်း ကျိုးပဲ့နေတဲ့ ကတ်တွေ – စုတ်ပြဲနေတဲ့ ကတ်တွေကို မပေးမိအောင် ဂရုတစိုက်ရှိသင့်ပါတယ်။

 

– တူအသုံးပြုခြင်း

အာရှနိုင်ငံတွေရဲ့ စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့ရမှာကတော့ တူတွေပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကိုရောက်ရင်တော့ စားသောက်ဆိုင်အများစုမှာ ဇွန်း-ခရင်းတွေ အစား တူတွေကို စနစ်တကျ သန့်သန့်ရှင်းရှင်းထားထားတာကို တွေ့ရမှာပါ။ တူတွေနဲ့ ပတ်သက်ပြီး ဂျပန်တွေရဲ့ အယူအဆတွေလည်း ဟိုးယခင်ကတည်းက ရှိခဲ့ပါတယ်။

အဲဒါဟာ ဘာလဲဆိုတော့ ထမင်းဝိုင်းတွေမှာ ထမင်းစားတဲ့အခါ ထမင်းပန်းကန်ထဲကို တူနှစ်ချောင်း ထိုးစိုက်ထားတာမျိုးကို မပြုလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို တူထိုးစိုက်ထားတဲ့ ဓလေ့ဟာ နာရေးနဲ့ ဈာပအခမ်းအနားတွေမှာပဲ လုပ်လေ့ရှိတဲ့ ဓလေ့ဖြစ်ပြီး ကံမကောင်းစေတဲ့အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

သတိပြုရမယ့်နောက်တစ်ချပ်ကတော့ ကိုယ့်ရဲ့ ပါးစပ်နဲ့ ထိပြီးသားဖြစ်တဲ့ တူနဲ့ အခြားလူတစ်ယောက်ကို ဟင်းထည့်ပေးတာတို့ – ထမင်းခူးပေးတာတို့ကိုလုပ်လို့မရပါဘူး။ ဘယ်သူက သူများပါးစပ်နဲ့ထိပြီးသားအရာ နဲ့ ဟင်းတို့-ထမင်းတို့ထည့်ပေးတာကို လိုချင်မှာလဲနော်။

 

– ဘောက်ဆူးမပေးပါနဲ့

နိုင်ငံတစ်ကာမှာ ဘောက်ဆူးပေးတဲ့ ဓလေ့ဟာ အတော်အတန်ထွန်းကားလှပါတယ်။ ဘောက်ဆူးပေးခြင်းဟာ ဆုချီးမြင့်ခြင်းသဘောလည်းပါသလို – ကျေးဇူးတင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းပါပါတယ်။ ဘောက်ဆူးအဖြစ် ငွေကြေးအနည်းငယ်ပေးခြင်းဟာ ပေးသူအတွက်လည်း အနည်းအကျဉ်းဖြစ်ပေမယ့် လက်ခံတဲ့သူကလည်း ဘောက်ဆူးရလာတဲ့ အကြိမ်ရေများလာတဲ့အခါမှာတော့ သူလည်း ငွေကြေးအဆင်ပြေလာခဲ့ပါတယ်။

ဘောက်ဆူးပေးခြင်းဓလေ့ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ကူညီပေးတဲ့သဘောလိုပါပဲ။ ဂျပန်နိုင်ငံမှာတော့ ဒီလို ဘောက်ဆူးဆိုပြီး ငွေကြေးတစ်စုံတစ်ရာသွားပေးလို့မရပါဘူး။ ဂျပန်တို့ဟာ စည်းစနစ်ကျလှတဲ့ အလုပ်လုပ်ပုံရှိပြီး တန်ရာတန်ကြေးကိုသာ ရယူလေ့ရှိပါတယ်။ ဒါကြောင့် သူတို့အတွက်တော့ ဘောက်ဆူးဆိုတဲ့ အပိုငွေတစ်ခုရတယ်ဆိုတဲ့ အမြင်ထက် သူတို့ကို ပိုက်ဆံပေးတယ်ဆိုပြီး ဒေါသထွက်တတ်ကြပါတယ်။

ဂျပန်တို့ရဲ့ ဓလေ့ဟာ ဘယ်အရာကိုမှ လွယ်လွယ်ကူကူနဲ့ မယူတတ်ကြတဲ့ ဓလေ့ဖြစ်ပြီး အရာအားလုံးမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။
တကယ်လို့ ဂျပန်နိုင်ငံရောက်လို့ စားသောက်ဆိုင်တွေမှာ သွားစားဖြစ်ခဲ့ရင် စားပွဲထိုးလေးတွေကို ဘောက်ဆူးအဖြစ် စားပွဲပေါ်မှာ ငွေမထားခဲ့ဖို့ လိုပါတယ်။ ဒီလိုထားထားခြင်းက သူတို့ကို စော်ကားလို့ တွေးတတ်ကြပါတယ်။တန်ရာတန်ကြေး အားလုံးဟာ ဘောင်ချာစာရွက်ထဲမှပဲ ပါဝင်ပြီးသားဖြစ်လို့ နောက်ထပ်အပိုငွေကို ထပ်လက်မခံခြင်းလည်း ဖြစ်ပါတယ်။

 

– ဂျပန်တွေရဲ့ Mask ဝတ်ဆင်မှု

ဂျပန်တွေဟာ Covid-19 မဖြစ်ခင်ကတည်းက Mask တပ်ပြီးသွားလာနေခဲ့ကြတဲ့ လူတွေပါ။သူတို့ဟာ အပြင်ထွက်ပြီဆိုရင် တစ်ခါတည်း Mask တပ်သွားလေ့ရှိကြပါတယ်။ Mask ကို အဓိကတပ်ဆင်ရတဲ့ အကြောင်းအရင်းကတော့ ကျန်းမာရေးအတွက်ပါပဲ။ သူတို့ဟာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်ကတည်းက ကြိုတင်ပြင်ဆင်မှုမျိုးစုံကို လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် တိုကျိုလို လူဦးရေများတဲ့ မြို့ကြီးတွေမှာဆိုရင်တော့ အဖျားရာသီရောက်ရင် တစ်ယောက်နဲ့ တစ်ယောက် ကူးစက်တတ်တဲ့အတွက် Mask တွေကို အမြဲတမ်းလိုလို ဝတ်ထားလေ့ရှိကြတာပါ။ နေထိုင်တဲ့ နေရာထိုင်ခင်းတွေကလည်း ဧရိယာသေးသေးလေးတွေပေါ်မှာပဲ တည်ဆောက်ထားတာကြောင့် ကူးစက်ရောဂါဖြစ်မယ့် အန္တရာယ်ကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့ချစေဖို့အတွက်လည်း Maskတွေကို တပ်ထားကြပါတယ်။

နောက်တစ်ချက်ကတော့ ဖုန်မှုန့်တွေနဲ့ ပန်းဝတ်မှုန်တွေအတွက်ကြောင့် Mask ကို တပ်ကြရပါတယ်။ Maskဟာ လေထဲမှာပျံလွှင့်လာတဲ့ ဖုန်မှုန့်တွေနဲ့ ပန်းတွေရဲ့ ဝတ်မှုန်တွေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောက်ရှိမသွားအောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် Maks တပ်ခြင်း က ပန်းနာရင်ကျပ်ရောဂါတွေနဲ့ ဝတ်မှုန်တွေနဲ့ ဓါတ်မတည့်တဲ့ ရောဂါတွေကိုလည်း တစ်ခါတည်းကာကွယ်ပြီးသားလည်းဖြစ်နေပါတယ်။

 

– လက်ဆောင်ပေးခြင်း

ဂျပန်တို့ရဲ့ ဓလေ့တွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပေးတဲ့ ဓလေ့လည်း ပါဝင်ပါတယ်။ လက်ဆောင်ပေးခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးလာပြီး ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုဖြစ်စေတယ်လို့လည်း ဂျပန်တို့က ယုံကြည်ထားကြပါတယ်။ လက်ဆောင်ပေးရမှာလည်း ဘယ်ပစ္စည်းမဆို ပေးနိုင်ပြီး သေးသေး-ကြီးကြီး ပစ္စည်း အရွယ်အစားက အဓိကမကျပါဘူး။

လက်ဆောင်ပေးရာမှာ ဒီအတိုင်း ပစ္စည်းကြီး သက်သက်ပေးတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခုလို့ ယူဆထားကြပါတယ်။ ဒါကြောင့် ပန်းတစ်ပွင့်လက်ဆောင်ပေးတာပဲဖြစ်ဖြစ် – ချောကလတ်လက်ဆောင်ပေးတာပဲဖြစ်ဖြစ် – ပါကင်ကို လှလှလေးထုပ်ပိုးပြင်ဆင်ပြီးမှ ပေးရပါတယ်။

 

– ငွေကြေး

ဂျပန်နိုင်ငံမှာ ငွေကြေးကို လက်ထဲထည့်ပြီးပေးတာမျိုးက အလွန်ရှားပါးပါတယ်။ဆိုလိုတာကတော့ ငွေချေရမယ့်နေရာတွေရောက်ရင် ကိုယ့်လက်ထဲက ပိုက်ဆံကို သူများလက်ထဲ တိုက်ရိုက် တန်းမထည့်ကြပါဘူး။ အဲဒီအစား ရှေ့ချထားတဲ့ ပိုက်ဆံထားရမယ့် နေရာ (သို့) ခွက်တစ်ခုထဲမှာပဲ ကျသင့်ငွေကို ထည့်ထားရမှာပဲဖြစ်ပါတယ်။

ငွေလက်ခံမယ့်သူကလည်း အဲဒီနေရာက ငွေကိုပဲ ကောက်ယူစစ်ဆေးပြီး ပြန်အမ်းငွေကို ခွက်ထဲ ပြန်ထည့်ထားပေးကြပါတယ်။ ဒါဟာ ငွေစက္ကူတွေအပေါ်မှာထားတဲ့ ဂျပန်တို့ရဲ့ ထူးဆန်းတဲ့ ဓလေ့တစ်ခုပါ။ ငွေပမာဏများများကို ပေးအပ်ရမယ့်အချိန်မှာဆိုရင်လည်း ဒီအတိုင်းငွေသားချည်းသက်သက်ပေးခြင်းမျိုးကို ရှောင်ကျဉ်ပြီး စာအိတ်တွေထဲမှာပဲ ထည့်ကာ ပေးလေ့ရှိကြပါတယ်။

 

– ဖိနပ်ချွတ်တဲ့ ဓလေ့

ဂျပန်နိုင်ငံကို အလည်သွားရင်တော့ ချွတ်ရ ဝတ်ရ ခက်ခဲတဲ့ ဖိနပ်တွေကို အိမ်မှာပဲ ထားခဲ့တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နေရာတေ်ာတော်များများဟာ ဖိနပ်မစီးရ-သို့မဟုတ် ဖိနပ်လဲစီးပြီးမှ ဝင်လို့ရတဲ့ နေရာတွေ အများအပြားရှိလို့ပါပဲ။

ဘုရားရှိခိုးကျောင်းဆောင်ကြီးတွေမှာ ဖိနပ်မစီးရတာကတော့ ခရီးသွားတွေအတွက်တော့ မဆန်းတော့တဲ့ အရာတစ်ခုပါ။ ဂျပန်နိုင်ငံမှာတော့ ဘုရားကျောင်းဆောင်အပြင် စားသောက်ဆိုင်တော်တော်များများမှာလည်း ဖိနပ်စီးခွင့်မရှိပါဘူး။

 

စားသောက်ဆိုင်တွေမှာတင် ဖိနပ်စီးခွင့်ပိတ်ပင်ထားရုံတင်မကဘဲ အိမ်တော်တော်များများမှာလည်း ဖိနပ်စီးခွင့် ပိတ်ထားတာပါ။ ရိုးရာဂျပန်အိမ်တွေရဲကြမ်းပြင်ဟာ တတာ့မီ့ (tatami mats)လို့ခေါ်တဲ့ ဖျာတစ်မျိုးနဲ့ တည်ဆောက်ထားပါတယ်။

ဒီ ဖျာတွေဟာ နူးညံ့ပြီး ပျော့ပြောင်းတဲ့ဖျာတွေဖြစ်တာကြောင့်လည်း ကြမ်းပင်ပေါ်မှာပဲ အိပ်လေ့ရှိကြပါတတယ်။ ဒါကြောင့် အဲ့လိုဖျာတွေပေါ်ကိုတော့ ဖိနပ်စီးခွင့်ကို လုံး၀ ခွင့်မပြုထားပါဘူး။ ခေတ်စနစ် ပြောင်းလဲလာတဲ့အခုအချိန်မှာတော့ ဒီလိုမျိုး အပြင်အဆင်နဲ့ အိမ်တွေဟာ ရှားပါးသွားခဲ့ပေမယ့် စနစ်တကျတည်ဆောက်ထားတဲ့ ဂျပန်အိမ်တွေလည်း အများကြီးကျန်ပါသေးတယ်။

  နဲ့