ထာဝရအချိန်အထိ ရှင်သန်နေမယ့် သတ္တဝါများ

အခုတစ်ခေါက်ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ထာဝရ ရှင်သန်နိုင်တဲ့ တိရစ္ဆာန်လေးတွေနဲ့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်တဲ့ သတ္တဝါတွေအကြောင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီး ရှိနေနှင့်ပြီးသားဖြစ်သလို တချို့ကတော့ ကမ္ဘာဦးကတည်းက ရှိခဲ့ကြတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ တချို့သတ္တဝါတွေက နှစ်ပေါင်း ၂၀၀-၃၀၀ လောက်အထိ အသက်ရှည်ရှည်နေထိုင်နိုင်ကြပါတယ်။

ဒါကြောင့်လည်း လူသားတွေအနေနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် အဲ့ဒီသတ္တဝါတွေရဲ့ မျိုးရိုးဗီဇကို-ယူပြီး အမျိုးမျိုးစမ်းသပ်ပေမယ့် အခုအချိန်အထိ မအောင်မြင်နိုင်သေးပါဘူး။ ကဲ… ဘယ်သတ္တဝါလေးတွေက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်သလဲ- ဘယ်သတ္တဝါတွေက ထာဝရအချိန်အထိ အသက်ရှင်နေထိုင်နိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အဒါဘရာလိပ်ကြီးများ

အဒါဘရာလိပ်ကြီးတွေက နှစ်ပေါင်း- ၂၅၅ နှစ်အထိ အသက်ရှည်ရှည်နေနိုင်ကြပါတယ်။ လိပ်ကြီးတွေလို့ ခေါ်ထားတဲ့အတိုင်း အဆိုပါလိပ်ကြီးတွေက လိပ်မျိုးစိတ်တွေထဲမှာ အကောင်အကြီးဆုံး-အရွယ်အစားအကြီးမားဆုံးလိပ်တွေပဲ ဖြစ်ပါတယ်။ အသက် ၃၀ လောက်မှာပဲအရွယ်ရောက်ကြပြီး မျိုးပွားခြင်းအလုပ်ကိုလည်း အဲဒီ အသက် ၃၀ မှာပဲ လုပ်လေ့ရှိကြပါတယ်။

သာမန်အားဖြင့်တော့ အဆိုပါ လိပ်ကြီးတွေ က နှစ် ၈၀ ကနေ ၁၀၀ အထိသာ နေထိုင်နိုင်ကြပေမယ့် နောက်ဆုံးရရှိတဲ့ သက်သေတွေအရတော့ နှစ်ပေါင်း ၂၅၅ နှစ်အထိ ရှင်သန်နိုင်ကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ မွေးမြူထားတဲ့ အဒါဘရာလိပ်ကြီးသေဆုံးသွားချိန်မှာ သူ့ရဲ့ သက်တမ်းဟာ ၂၅၅ နှစ်အထိ ရှိနေပါပြီ။

 

ဘိုးဟတ်ဝေလငါး

ဘိုးဟတ်ဝေလငါးတွေရဲ့ အရွယ်အစားကတော့ တကယ့်ကို ကြောက်ခမန်းလိလိပဲဖြစ်ပြီး ဝေလငါးမျိုးစိတ်တွေထဲမှာ အကြီးဆုံးဝေလငါးအဖြစ် သတ်မှတ်ထားကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစားက တစ်ကောင်တစ်ကောင်ကို ပေ ၅၀ ကနေ ၆၀ အထိ ရှည်လျားနိုင်ပြီး အမြင့်ကတော့ ပေ ၇၀ နီးပါးမြင့်မားပါတယ်။ အလေးချိန်ကတော့ တန်- ၁၀၀ ကျော်လောက် လေးလံပါတယ်။ သာမန်အချိန်တွေမှာ တွေ့ရဖို့ခက်ခဲတဲ့ ဝေလငါးမျိုးစိတ်တစ်ခုဖြစ်ပြီး သူတို့ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ဘိုးဟတ်ဝေလငါးကြီးတွေရဲ့ နှစ်ပေါင်း ၂၀၀ကျော်-အထိ နေထိုင်နိုင်တဲ့ လျှို့ဝှက်ချက်ကတော့ သူတို့ဟာ သူတို့ ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ DNA တွေ ကို ကိုယ်ခန္ဓာကအကောင်းအတိုင်းပြန်လည်- ပြုပြင်နိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်။

အလွန်အမင်းအေးခဲနေတဲ့ ရေတွေကြားထဲမှာနေထိုင်တဲ့ ဝေလငါးတွေသာ ဖြစ်ပြီး အာတိတ်သမုဒ္ဒရာထဲမှာပဲ အများဆုံးနေထိုင်ကြပါတယ်။ သူတို့ရဲ့ အရေပြားက ထူထဲတာကြောင့် အာတိတ်ဒေသရဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ကြတဲ့ ဝေလငါးတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်အရေပြားက ၁၉ လက်မအထိ ထူထဲပြီး ဒီအထူကပဲ ခန္ဓာကိုယ်နဲ့ အပြင်က အပူချိန်ကို ကောင်းကောင်းထိန်းချုပ်ပေးသွားပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ အဆိုပါ ဝေလငါးတွေဟာ အောက်ဆီဂျင်မရှိဘဲနဲ့လည်း အချိန်အကြာကြီးအထိ နေထိုင်လို့ရတယ်လို့ သိရပါတယ်။

 

ခရုများ

ခရုတွေကလည်း ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ခရုအမျိုးအစားပေါင်းစွာ-မျိုးစိတ်ပေါင်းများစွာ ရှိပြီး ခရုတွေကိုလွယ်လွယ်ကူကူ အမျိုးအစားခွဲရရင်တော့ လူတွေစားလို့ရတဲ့ ခရုရယ် – နဲ့ စားလို့မရတဲ့ ခရုရယ်လို့ အမျိုးအစား ၂ ခုပဲ ခွဲလို့ရပါတယ်။ ခရုတွေမှာလည်း မျိုးစိတ်ကွဲတွေ အများကြီးရှိသလို – အဲဒီခရုတွေထဲက တချို့ခရုမျိုးစိတ်တွေရဲ့ သက်တမ်းကတော့ လုံးဝကို အထင်ကြီးစရာပါပဲ။ ပင်လယ်ကမ်းခြေတွေမှာ သာမန်မြင်တွေ့နေကျ ခရုကောင်တွေရဲ့ သက်တမ်းကတော့ သဘာဝအတိုင်းဆိုရင် ၁၀ နှစ်၊ အနှစ် ၂၀ လောက်သာရှိပေမယ့် တကယ့်တကယ်နှစ်ပေါင်းရာနဲ့ချီ အသက်ရှည်ရှည်နဲ့ နေထိုင်ကြတဲ့ ခရုတွေလည်း ရှိပါတယ်။ ]

နောက်ဆုံး ရှာတွေ့ခဲ့တဲ့ သက်တမ်းရှည်ခရုရဲ့ အသက်က နှစ်ပေါင်း ၄ ရာကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ သိပ္ပံပညာရှင်များကတော့ ခရုတွေ အသက်ရှည်ရှည်နဲ့ နေထိုင်နိုင်ကြတဲ့ လျှိ့ဝှက်ချက်ကို ရှာဖွေခဲ့ကြပါသေးတယ်။ ဆဲလ်တွေရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်စဉ်တစ်ခုလို့သာ ပြောခဲ့ပေမယ့် တိတိကျကျ အဖြေတစ်ခုတော့ မရရှိခဲ့ပါဘူး။ ခရုတွေ သက်တမ်းရှည်တဲ့ အကြောင်းအရင်းကိုတော့အခုချိန်အထိလေ့လာစရာ ကိစ္စတစ်ခုအဖြစ်သာ သတ်မှတ်ထားကြပါတယ်

 

ဖန်ရေမြှုပ်များ

ပင်လယ်ရေအောက်ကြမ်းပြင်ဆိုတာ လှပပြီး ထူးခြားဆန်းကြယ်တဲ့ အရာတွေနဲ့ ပြည့်နက်နေပါတယ်။ ရေအောက်ကြမ်းပြင်မှာ အခုအချိန်အထိ လူတွေမတွေ့ရှိသေးတဲ့ အရာပေါင်းများစွာလည်း ရှိနေသေးသလို – ထူးဆန်းတဲ့အရာတွေများစွာလည်းခဏ ခဏ တွေ့ရှိရတဲ့ နေရာတစ်နေရာပဲ ဖြစ်ပါတယ်။ အဲ့ဒီအရာတွေထဲမှာ ဖန်ရေမြှုပ်လို့ခေါ်တဲ့အကောင်တွေလည်းပါဝင်ပါတယ်။ဖန်ရေမြှုပ်ကောင်တွေကတော့ ပင်လယ်ကြမ်းပြင်မှာပဲ တွေ့ရတတ်တဲ့ အကောင်တွေဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ဖန်တွေလိုမျိုး ကြည်လင်နေကာ အစုလိုက်နေထိုင်တတ်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အရိုးအဆစ်တွေကို ဆီလီကာလု့ိ ခေါ်တဲ့ အရာတွေနဲ့ တည်ဆောက်ထားပြီး အဲဒီအရာတွေက သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို ကြည်လင်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဖန်တွေလိုမျိုး ကြည်လင်နေတဲ့ ရေမြှုပ်ကောင်တွေဖြစ်တာကြောင့် ဖန်ရေမြှုပ်အကောင်တွေလို့ ခေါ်ကြပါတယ်။

ဖန်ရေမြှုပ်အကောင်တွေရဲ့ သက်တမ်းကလည်း လုံးဝကို ထူးခြားပါတယ်။ သူတို့ကို လာစားမယ့်အကောင်တွေရဲ့ အစားအစာသာ မဖြစ်ခဲ့ဘူးဆိုရင် သူတို့ဟာ နှစ်ပေါင်း-တစ်သောင်းခွဲလောက်အထိ အသက်ရှည်နေထိုင်နိုင်ကြပါတယ်။ ဘာကြောင့် ဒီလိုမျိုးနှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်စွမ်းရှိသလဲဆိုတာကို အဖြေရှာကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ခန္ဓာကိုယ်ဖွံ့စည်းမှုနဲ့ ကြီးပြင်းမှုဟာ အင်မတန်ကိုနှေးကွေးတဲ့အတွက်ကြောင့်လို့ပဲတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ သူတို့အတွက်တော့ အိုမင်းခြင်းအဆင့်ကို ရောက်ရှိဖို့ဆိုတာကလည်း နှစ်ပေါင်းများစွာအထိ ကြာမြင့်နေမယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။

 

ဂျယ်လီငါးများ

တကယ်လို့ သင်ဟာ နှလုံးသားနဲ့ ဦးနှောက် မရှိတဲ့ လူတစ်ယောက်လည်းဖြစ်ချင်တယ်- အသက်ကလည်းမသေနိုင်တဲ့ အစွမ်းရှိချင်တယ်ဆိုရင်တော့ သင်လုပ်ရမှာတစ်ခုကတော့ ဂျယ်လီငါးဘဝကို ပြောင်းသွားပါစေလို့ ဆုတောင်းနေရုံပါပဲ။ ဟုတ်ပါတယ်။ ဂျယ်လီငါးတွေမှာ နှလုံးသားလည်းမရှိသလို – ဦးနှောက်လည်း မရှိတဲ့တိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ သဘာဝအတိုင်းဆိုရင် လုံးဝကို သေနိုင်စွမ်းမရှိတဲ့ သတ္တဝါတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အခုအချိန်အထိ ထူးဆန်းနေတဲ့အရာတစ်ခုဖြစ်နေပြီး တခြားတိရစ္ဆာန်တွေနဲ့ လုံးဝကိုကွဲထွက်နေပါတယ်။

ဂျယ်လီငါးတွေရဲ့လုပ်ဆောင်မှုတွေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတွေအတွက်တော့ ထူးဆန်းတဲ့ အရာတစ်ခုဖြစ်နေဆဲပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရေတွေနဲ့ အများဆုံးဖွဲ့စည်းထားပါတယ်။ ဂျယ်လီငါးတွေအများစုဟာ အဆိပ်ရှိပြီး သွားကိုင်မိရင် လျှပ်စစ်ဓါတ်လိုက်သလိုမျိုးလည်း ခံစားရလေ့ရှိပါတယ်။ ဒါကြောင့်ဂျယ်လီငါးတွေရဲ့ မူလနေရာဟာ ဒီကမ္ဘာကမဟုတ်ဘဲ တခြားဂြိုလ်တစ်ခုခုက ရောက်ရှိလာတဲ့ အကောင်တွေလို့လည်း ယုံကြည်ကြပါတယ်။

တူရစ်တော့ပ်စစ် ဒိုရင်ဟန် (Turritopsis dohrnii) အမျိုးအစား ဂျယ်လီငါးတွေကတော့ လုံးဝကို ထူးခြားနေတဲ့ ဂျယ်လီငါးတွေဖြစ်ပြီး သူတို့ဟာ လုံးဝကို မသေနိုင်တဲ့ဂျယ်လီငါးတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး သူတို့က ဘယ်အချိန်က ကမ္ဘာကို စရောက်နေတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။ သူတို့ဟာ အသက်ကြီးရင့်လာချိန်မှာတော့ ပင်လယ်ကြမ်းပြင်မှာပဲ အခြေချနေထိုင်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနေထိုင်ပါတော့တယ်။ ဘယ်လိုပြောင်းလဲသွားသလဲဆိုတော့ အပွင့်ကားကားနဲ့ ဂျယ်လီငါးကြီးတစ်ကောင်အဖြစ်ကနေ မှိုနဲ့တူတဲ့ အသားတစ်စ ဘဝအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီ တစ်သျှူးအသားတစ်စ က နေပြီးတော့ ဂျယ်လီငါးတစ်ကောင်အဖြစ် ဆင့်ကဲဖြစ်စဉ်တွေနဲ့ ပြန်လည်ဖြစ်လာပါတော့တယ်။ သူတို့ရဲ့ ဇီဝသံသရာဟာ ငယ်ရာမှကြီးလာပြီး- ကြီးရာမှ ပြန် ငယ်သွားတတ်တဲ့ ဖြစ်စဉ်မို့ သူတို့ဟာ လုံးဝကို သေဆုံးခြင်းမရှိတဲ့ ဂျယ်လီငါးတွေလို့ပဲ သတ်မှတ်ထားကြပါတယ်။

 

တာဒီဂရိတ်စ်

 

သင်သိပါသလား။ လူသားတွေရဲ့ ကမ္ဘာလောကကြီးတစ်ခုလုံး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားချိန်မှာတောင် အသက်ရှင်ကျန်ရှိနေဦးမယ့် အကောင်တစ်ကောင်ရှိပါတယ်။ အဲဒီအကောင်ငယ်လေးတွေကတော့ အောက်ဆီဂျင်မရှိတဲ့ အာကာသလေဟာပြင်ထဲမှာလည်း အသက်ရှင်နေထိုင်နိုင်စွမ်းရှိပါတယ်။ အပူချိန်ပြင်းထန်လွန်းပါတယ်ဆိုတဲ့ မီးတောင်တွေထဲမှာလည်း ကောင်းကောင်းအသက်ရှင်နေနိုင်ပြီး အလွန်အမင်း အေးခဲပါတယ်ဆိုတဲ့ ရေခဲပြင်ဒေသမှာလည်း ဘာမှမဖြစ်ဘဲ အသက်ရှင်နိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာဖြစ်တဲ့ ပင်လယ်ကြမ်းပြင်တွေထဲမှာလည်း အသက်ရှင်နိုင်စွမ်းရှိပါတယ်။

အဆိုပါ – အကောင်ငယ်လေးတွေကို ကမ္ဘာပေါ်မှာ အမာဆုံးအကောင်လေးတွေလို့ သတ်မှတ်ထားပြီး လူသားမျိုးနွယ် – မျိုးတုံးပျောက်ကွယ်ပြီး- ကမ္ဘာပျက်သွားချိန်မှာတောင် သူတို့ဟာ ကမ္ဘာပေါ်မှာ ရှင်သန်ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ တာဒီဂရိတ်စ် (Tardigrades) လို့ခေါ်တဲ့ ခြေထောက်ရှစ်ချောင်းပါတဲ့ အကောင်ငယ်လေးပါ။ ထူးဆန်းတဲ့ပုံစံရှိတာကြောင့်မို့ သူတို့ ရေဝက်ဝံလို့လည်းခေါ်ကြပါတယ်။ မိုက်ခရိုစကုတ်နဲ့ ချဲ့ကြည့်မှာသာ မြင်နိုင်စွမ်းရှိတဲ့ အကောင်ငယ်လေးတွေဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ် အရှည်ကတော့ ၁ မီလီမီတာလောက်ပဲ ရှိပါတယ်။

 

တာဒီဂရိတ်စ် (Tardigrades)တွေက ဒီကမ္ဘာပေါ်မှာ တည်ရှိနေတာ နှစ်သန်းပေါင်း ၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး လုံးဝမျိုးတုံးမသွားခဲ့တဲ့ ရှေးဟောင်းအကောင်ငယ်လေးတွေပဲ ဖြစ်ပါတယ်။ နှစ်သန်းပေါင်း ၅၀၀ ကျော်အထိ ကမ္ဘာမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုတွေ – ရေကြီးမှုတွေ – ရောဂါဘယထူပြောမှုတွေ – ဂြိုလ်သိမ်ဂြိုလ်မွှားတွေ ကမ္ဘာဂြိုလ်ကို ဝင်ရောက်တိုက်ခိုက်မှုတွေ အားလုံး ကျော်ဖြတ်ပြီး အသက်ရှင်နေထိုင်လာခဲ့တဲ့ အကောင်ငယ်လေးတွေပါ။

အဆိုပါ အကောင်ငယ်လေးတွေရဲ့ ခံနိုင်ရည်အားဟာ စိတ်ဝင်စားကောင်းနေတာကြောင့် သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ လေ့လာချက်တစ်ခုအဖြစ် အဲဒီအကောင်ငယ်လေးတွေကို အာကာသ လွန်းပျံယာဉ်တစ်ခုနဲ့ထည့်ပြီး အာကာသလေဟာနယ် ထဲမှာအသက်ရှင်နေထိုင်နိုင်စွမ်းရှိ-မရှိကို စမ်းသပ်ခဲ့ကြပါသေးတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ အဆိုပါတာဒီဂရိတ်စ် (Tardigrades) အကောင်တွေဟာ အာကာသထဲမှာ ၁၀ ရက်တိတိ အသက်ရှင်နေထိုင်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

  နဲ့