နည်းပညာ တိုးတက်လာမှုကြောင့် အနာဂါတ်မှာပျောက်ကွယ်နိုင်တဲ့အလုပ်အကိုင်များ

အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နောင်လာမယ့်အနာဂါတ်ကာလမှာ ပျောက်ကွယ်သွားနိုင်တဲ့ အလုပ်အကိုင်တွေအကြောင်းပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာကြီးဟာ မယုံနိုင်ကြည်နိုင်လောက်အောင် မြန်ဆန်တဲ့အရှိန်တစ်ခုနဲ့ သွားနေတာမို့ နည်းပညာတွေကလည်း တစ်နေ့ပြီးတစ်နေ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှုဟာ လူမှုနေထိုင်မှုစနစ်အတွက် အဆင်ပြေလာစေတယ်လို့ဆိုရပေမယ့် ဘေးထွက်ဆိုး ကျိုးများစွာလည်း ရှိပါတယ်။ အေအိုင်(AI)လို့ခေါ်တဲ့ လူသားတွေတီထွင်ဖန်တီးထားတဲ့ ဉာဏ်ရည်တုတွေ၊ စက်ရုပ်နည်းပညာတွေနဲ့ အခြားသောအရာတွေဟာ လူသားတွေရဲ့ အလုပ်ခွင်တွေမှာ အစားထိုးဝင်ရောက်လုပ်ကိုင်နိုင်နေပြီပဲဖြစ်ပါတယ်။

ယာဉ်မောင်းသူများ

သိပ္ပံပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပျောက်ကွယ်သွားရမယ့် အလုပ်အကိုင်တွေစာရင်းမှာ အရင်ဆုံး သိသိသာသာပျောက်ကွယ်သွားမယ့် အလုပ်အကိုင်ကတော့ ယာဉ်မောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ယနေ့ခေတ်မှာ မောင်းသူမဲ့ကားတွေ တစ်စင်းပြီး တစ်စင်းပေါ်ပေါက်လာပြီး လမ်းမတွေပေါ်မှာ စတင်စီးနင်းလာကြပါပြီ။ ဒီကနေ့အထိတော့ မောင်းသူမဲ့ကားစီးနင်းသူဦးရေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေဆဲဖြစ်ပေမယ့် လာမယ့်အနာဂါတ်ကာလမှာတော့ လူသားတွေဟာကားတွေကို ကိုယ်တိုင်မောင်းဖို့ ခဲယဉ်းသွားလိမ့်မယ်လို့ ပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။ အမေရိကန်တစ်နိုင်ငံတည်းမှာဆိုရင်တောင် ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားတဲ့ လူဦးရေဟာ သန်း ၂ ရာကျော်ရှိပြီး တကယ်လို့သာ ယာဉ်မောင်းတဲ့အလုပ်တွေ မရှိတော့ဘူးဆိုရင် အဆိုပါသန်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ အလုပ်လက်မဲ့ဖြစ်လာစရာရှိတာမို့ အနာဂါတ်ကို အခုကတည်းက ပြင်ဆင်ထားသင့်တယ်လို့ ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။ ဒီလိုမောင်းသူမဲ့ကားတွေ ပေါ်ထွက်လာမှုဟာ လူသားတွေကားမောင်းတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ယာဉ်မတော်တဆမှုတွေ – ယာဉ်တိုက်မှုဖြစ်ရပ်တွေကိုလည်း အတိုင်းအတာတစ်ခုအထိလျော့ချသွားနိုင်လိမ့်မယ်လို့ ပညာရှင်များက ယုံကြည်နေကြတာပါ။ ယနေ့အချိန်မှာ Tesla (တယ်စလာ) လို မောင်းသူမဲ့ကားတွေ ထွက်ရှိလာနေမှုကြောင့် ဒီကိစ္စဟာ မဖြစ်လာနိုင်ဘူးလို့ ယတိပြတ်ပြောဆိုလို့တော့မရပါဘူး။ လာမယ့်အနာဂါတ်မှာ ကားကို ကိုယ်တိုင်မောင်းရတဲ့ အလုပ်ဟာ တကူးတကလုပ်ယူရတဲ့အလုပ်တစ်ခုလို ဖြစ်လာလိမ့်မယ်လို့တောင် ပြောဆိုခဲ့ကြပါတယ်။

လယ်သမားများ

လာမယ့်အနာဂါတ်ကာလမှာ ပျောက်ကွယ်သွားမယ့်အလုပ်အကိုင်တွေထဲမှာ လယ်ယာစိုက်ပျိုးတဲ့ အလုပ်လည်းပါဝင်လိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းဆိုတာ လူအင်အားသုံးပြီး လုပ်ကိုင်ကြရတဲ့ အလုပ်တွေဖြစ်ပြီး အစကနေ အဆုံးအထိ လူတွေနဲ့ပဲ လုပ်ကိုင်ကြရပါတယ်။ ဒါပေမယ့် လာမယ့်အနာဂါတ်ကာလမှာတော့ လယ်ယာစိုက်ပျိုးတဲ့ လုပ်ငန်းဟာ မျက်စိရှေ့မှောက်မြင်တွေ့ရနေသလို မဟုတ်တော့ဘဲ နည်းပညာတွေဟာ လယ်ကွင်းတွေထဲကို ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ စိုက်ပျိုးမြေရဲ့ အနေအထားတွေ တွက်ချက်ခြင်းက အစ ၊ မိမိလယ်ယာကွင်းတွေကို ထိန်းသိမ်းစောက်ရှောက်ခြင်းအဆုံး နည်းပညာနဲ့ ထိန်းကျောင်းနိုင်တဲ့ အဆင့်တစ်ခုအထိရောက်ရှိသွားမှာပါ။ အသီးအနှံတွေကို စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်မှာဆိုရင်လည်း အထူးစီမံဖန်တီးထားတဲ့ စက်ယန္တရားကြီးတွေက လူတွေနေရာမှာ ဝင်ရောက်လုပ်ကိုင်ကြလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ဒီခန့်မှန်းချက်က အခုအချိန်မှာကတည်းက သိသာထင်ရှားနေပြီဖြစ်ပါတယ်။ ဥပမာ. ကမ္ဘာ့ပေါ်က ထိပ်တန်းရောင်းအားအကောင်းဆုံးအစားအသောက်ကုမ္ပဏီကြီးတွေရဲ့ စိုက်ပျိုုးရေးလယ်ကွင်းတွေထဲမှာ လုပ်သားအသုံးပြုမှုကိုလျော့ချထားကာ စက်ယန္တရားကြီးတွေ၊ ဒရုန်းတွေ၊ အာကာသဂြိုလ်တုစနစ်တွေနဲ့ စတင်လုပ်ကိုင်နေကြပါပြီ။ လာမယ့် အနာဂါတ်ကာလမှာတော့ လယ်သမားဦးရေဟာ ထက်ဝက်ကျော်လောက် လျော့ကျသွားပြီး လယ်သမားအနည်းအကျဉ်းလောက်သာ စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာရှိမယ်လို့ခန့်မှန်းကြပါတယ်။

ဘဏ်ဝန်ထမ်းများ

ဘဏ်ဝန်ထမ်းတွေဟာလည်း အနာဂါတ်ရဲ့ စိန်ခေါ်မှုကို ခံစားရမယ့်လုပ်သားတွေပဲဖြစ်ပါတယ်။ လူသားတွေရဲ့ ငွေထုတ်ငွေသွင်းကိစ္စ ပြုမူဆောင်ရွက်ပုံတွေဟာ ပုံစံတဖြေးဖြေးပြောင်းလဲလာခဲ့ပါတယ်။ အင်တာနက်အခြေပြုဘဏ်လုပ်ငန်းတွေ- မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ Mobile-Banking ကိစ္စရပ်တွေဟာ အနာဂတ်မှာ ပိုမို တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ငွေကြေးဆိုင်ရာကိစ္စရပ်တွေမှာ ငွေစက္ကူကို ကိုင်ပြီး အသုံးပြုမှုဟာ တစ်နေ့တစ်ခြားလျော့နည်းလာနိုင်ပြီး ဘဏ်ကိုသွားလာခြင်းဟာလည်း အရင်ကထက်ပိုနည်းလာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။ အရင်ကတော့ မိမိရဲ့ ငွေကြေးဥစ္စာတွေကို စစ်ဆေးချင်လို့ပဲဖြစ်ဖြစ် – အထုတ်အသွင်းပြုလုပ်ချင်လို့ပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် ဘဏ်ကိုပဲ တိုက်ရိုက်သွားပြီး ပြုလုပ်လေ့ရှိရာကနေ အခုအချိန်မှာဆိုရင် မိုဘိုင်းဖုန်းတစ်ခုရှိရုံနဲ့တင် ဘဏ်သွားစရာမလိုဘဲ အလွယ်တကူစစ်ဆေးနိုင်ပါပြီ။ ဒါကြောင့် ယခင်က လူအင်အား အများအပြားသုံးပြီးလည်ပတ်ခဲ့တဲ့ ဘဏ်လုပ်ငန်းတွေရဲ့ ဝန်ထမ်း အလုပ်အကိုင်တွေဟာလည်း အနာဂါတ်ကာလမှာ အာမခံမှုသိပ်မရှိဘူးလို့ ယုံကြည်နေကြပါတယ်။

ငွေစာရင်းကိုင်များ

အမေရိကန်တစ်နိုင်ငံတည်းမှာတင် ငွေစာရင်းကိုင်အလုပ် လုပ်ကိုင်နေတဲ့ လူဦးရေဟာ ၈ သန်းကျော်လောက်ရှိပါတယ်။ ထိုလူတွေဟာ စူပါမားကတ်တွေ – စတိုးဆိုင်တွေ – စားသောက်ဆိုင်တွေမှာ အသီးသီး အလုပ်လုပ်ကိုင်နေကြပြီး လာမယ့်အနာဂါတ်ကာလမှာ သူတို့ရဲ့အလုပ်တွေဟာလည်း ပပျောက်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါသေးတယ်။ နောက်ပြီး ဆိုင်တစ်ခုခုရဲ့ ငွေရှင်းငွေထုတ်လုပ်တဲ့နေရာတွေမှာ ငွေစာရင်းကိုင်တွေအစား စက်ပစ္စည်းတွေကိုအသုံးပြုလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါသေးတယ်။ ယနေ့ခေတ်ရဲ့ ငွေစာရင်းကိုင်အလုပ်ဟာ လူတွေရဲ့ အတွက်အချက်နဲ့ လုပ်ကိုင်စီမံရတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် ဟူးမန်းအဲယာ (Human Error) လို့ ခေါ်တဲ့ လူလုပ်တဲ့ အမှားက လည်း မကင်းနိုင်ပါဘူး။ ဒီလိုငွေစာရင်းကိုင်အလုပ်တွေမှာ စက်တွေကို ထားထားခြင်းရဲ့ ကောင်းကျိုးကတော့ ငွေစာရင်းအတိအကျကို ချက်ချင်းရနိုင်တာတွေနဲ့ – ၂၄ နာရီအချိန်ပြည့်အလုပ်နိုင်တာတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ လူတွေကို ၂၄ နာရီအချိန်ပြည့်အလုပ်လုပ်ခိုင်းမယ်ဆိုရင် ဝန်ထမ်းစရိတ်ဟာ ၂ ဆလောက်ပိုမိုကုန်ကျလာမှာဖြစ်ပြီး အမှားလည်း လုံးဝမကင်းနိုင်ပါဘူး။ ငွေစာရင်းကိုင်တွေ မထားထားတဲ့ ဆိုင်တွေဟာလည်း အပြင်မှာတကယ်ရှိနေပါပြီ။ အဆိုပါဆိုင်ကတော့ ကမ္ဘာ့ဈေးအရောင်းအဝယ်ပြုလုပ်တဲ့အမေဇုန်ကုမ္ပဏီက တည်ထောင်ထားတဲ့ အမေဇုန်ဂိုး ဆိုတဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ အမေဇုန်ဂိုးဆိုင်ထဲမှာ ငွေစာရင်းကိုင်ဆိုလို့ တစ်ယောက်မှ မထားထားဘဲ အကုန်လုံးကို ကွန်ပျုတာနဲ့ပဲ စီမံခန့်ခွဲစေပါတယ်။ ဈေးဝယ်သူတစ်ယောက်ဟာ အမေဇုန်ဂိုးအက်ပလီကေးရှင်းကို သူ့ဖုန်းထဲမှာ ထည့်ထားပြီး အဆိုပါ Appကို-ပြကာ ဆိုင်အတွင်းကို ဝင်ရောက်လို့ရပါတယ်။ ဆိုင်ထဲမှာ မိမိအလိုရှိရာကုန်ပစ္စည်းတွေကို ဈေးဝယ်ခြင်းထဲ ကောက်ထည့်ကာ အမေဇုန်ဂိုးဆိုင်ထဲကနေ လွတ်လွတ်လပ်လပ်ထွက်လာလို့ ရအောင်စီမံထားပါတယ်။ အဆိုပါနည်းပညာဟာ ရုတ်တရက်ကြည့်လိုက်ရင်ဆိုင်ထဲကို ဝင်သွားပြီးလိုချင်ရာ ယူကာ ပိုက်ဆံချေစရာမလိုဘဲ ပြန်ထွက်လာလို့ရတယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် တကယ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဈေးဝယ်သူဟာ ဆိုင်ထဲမှာ ခင်းကျင်းထားတဲ့ ကုန်ပစ္စည်းတစ်ခုကို ကောက်ယူလိုက်တာနဲ့ တစ်ပြိုင်နက် အဆိုပါ ကုန်ပစ္စည်းရဲ့ တန်ဖိုးအလိုက် App ထဲထည့်သွင်းတဲ့ ဘဏ်ကဒ်ထဲကနေ ကျသင့်ငွေ နှုတ်ယူသွားပြီးသားဖြစ်ပါတယ်။ ဆိုင်ထဲက ထွက်လာချိန်မှာတော့ မိမိ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းစာရင်းနဲ့ ကျသင့်ငွေတန်ဖိုး ဘောင်ချာကို App ထဲမှာ ပြသပေးသွားမှာပါ။ အဆိုပါ အမေဇုန်ဂိုးဆိုင်တွေဟာ ၂၀၁၈ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ မှာတော့ ကမ္ဘာ့အနှံ့မှာ ဆိုင်ပေါင်း ၂၆ ဆိုင်အထိ ဖွင့်လှစ်ထားခဲ့ပြီပဲဖြစ်ပါတယ်။ အမေဇုန်ဂိုးဆိုင်တွေမှာ ငွေရှင်းဖို့အတွက် ငွေစာရင်းကိုင်တွေလည်း မရှိသလို – ငွေရှင်းဖို့ တန်းစီစရာလည်း မလိုအပ်တော့ပါဘူး။ ဒါကြောင့် လာမယ့်အနာဂါတ်ကာလမှာ အမေဇုန်ဂိုးလို ဆိုင်တွေ အများအပြားပေါ်ထွက်လာဖို့ရှိပြီး ငွေစာရင်းကိုင်အလုပ်တွေဟာလည်း ပပျောက်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

စက်ရုံလုပ်သားများ

Robot machines weld car bodies at Kia Motors Slovakia plant in Zilina, Slovakia. Photographer: Vladimir Weiss/Bloomberg News

ယခုအချိန်စက်ရုံ – အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ စက်ရုံလုပ်သားတွေရဲ့ အနာဂါတ်ကာလဟာလည်း သိပ္ပံနဲ့ နည်းပညာတို့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စက်မှုတော်လှန်ရေးကြီးဆင်နွှဲပြီးနောက် သန်းနဲ့ချီ တဲ့ လူသားတွေဟာ ကုန်ထုတ်လုပ်ငန်းအတွက် စက်ရုံ-အလုပ်ရုံတွေဆီမှာ အလုပ်လုပ်ကိုင်လာကြပါတော့တယ်။ အဆိုပါစက်ရုံလုပ်သားတွေရဲ့ အလုပ်ဟာလည်း အနာဂါတ်မှာ ရှိ-မရှိ မသေချာတော့ပါဘူး။ နောင်တစ်ချိန်မှာ စက်ရုံလုပ်သားတွေဟာလည်း ပျောက်ကွယ်ကောင်းပျောက်ကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ သိသာထင်ရှားတဲ့ ဥပမာအရတော့ လက်ရှိနာမည်ကျော် ကားကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေမှာ လူအင်အားအနည်းအကျဉ်းသာ အသုံးပြုထားပြီး စက်ရုပ်တွေ – စက်ယန္တရားကြီးတွေနဲ့ ကားတွေကို ထုတ်လုပ်နေပါပြီ။ တစ်ချိန်ကတော့ ကားတစ်စင်းထုတ်လုပ်နိုင်ဖို့ဆိုတာ လူအင်အားပမာဏတော်တော်များများ လိုအပ်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ လူမလိုပဲ ထုတ်လုပ်လာနိုင်တဲ့ အဆင့်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။

ဆောက်လုပ်ရေးလုပ်သားများ

သုတေသနစစ်တမ်းတွေအရ ကမ္ဘာပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သားပေါင်း သန်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆောက်လုပ်ရေးလုပ်သားအရေအတွက်ဟာ အနာဂါတ်မှာ ဒီထက်ပိုများပြားလာလိမ့်မယ်လို့ မျှော်လင့်နေကြပေမယ့် တကယ့်လက်တွေ့မှာတော့ တစ်နှစ်ပြီး တစ်နှစ်လျော့ကျလာတယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုမျိုး လုပ်သားဦးရေလျော့ကျလာသလဲဆိုတဲ့အဖြေကို ရှာဖွေရာမှာတော့ နဂိုဆောက်လုပ်ရေးလုပ်သားတွေနဲ့ လုပ်ကိုင်လေ့ရှိတဲ့ အလုပ်တွေနေရာမှာ စွမ်းဆောင်ရည်မြင့် စက်ယန္တရားကြီးတွေအစားထိုးဝင်လာလို့ဖြစ်တယ်လို့သိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ စက်ယန္တရားကြီးတွေဟာ စပေါ်ကာစမှာ ဈေးအင်မတန်ကြီးလွန်းတာကြောင့် အသုံးပြုသူနည်းပါးခဲ့ပေမယ့် အခုအချိန်မှာတော့ အရင်ကလောက် ဈေးမကြီးတော့ဘဲ ပိုပြီးလည်း အသုံးတည့်လာခဲ့ပါတယ်။ ဒါကြောင့် နည်းပညာမြင့်စက်ယန္တရားကြီးတွေဝင်ရောက်လာမှုဟာ လက်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

စစ်သားများ

လာမယ့်အနာဂါတ်ကာလမှာ ကွယ်ပျောက်သွားမယ့် အလုပ်အကိုင်များစာရင်းမှာ နိုင်ငံတွေရဲ့ စစ်သားအလုပ်အကိုင်တွေလည်း ပါဝင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စစ်တပ်တွေဟာ အသစ်အသစ်သော နည်းပညာတွေကို သုံးလေ့ရှိပြီး အမြဲတမ်းလိုလို ဆန်းသစ်မှုတွေ – နည်းပညာတွေနဲ့ ဖြည့်ဆည်းထားလေ့ရှိကြပါတယ်။ အရင်ခေတ်ကာလတုန်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ စစ်ရေးအင်အားကိုတွက်ချက်တဲ့နေရာမှာ စစ်သားဘယ်နှစ်ယောက်ရှိတယ် – စစ်လက်နက်ဘယ်လောက်ရှိတယ်ဆိုတဲ့ အရေအတွက်နဲ့သာတွက်ချက်ကြပေမယ့် အခုအချိန်မှာတော့ ဘယ်နိုင်ငံရဲ့ စစ်တပ်က နည်းပညာအရ သာလွန်သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာကုန်ကြပါပြီ။ အရင်တုန်းကတော့ ဆင်တွေ – မြင်းတွေ – ဓါး – လှံ – လက်နက်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြပြီး အခုအချိန်မှာတော့ အဆိုပါအရာတွေကို အသုံးမပြုတော့ခြင်းဟာ အကောင်းဆုံးဥပမာတစ်ခုပါပဲ။ ယနေ့ခေတ်မှာဆိုရင် ဒရုန်းတွေနဲ့ ပစ်မှတ်ကို ပစ်ခတ်ခြင်းဟာ လူသားတွေ ပစ်ခတ်တာထက်တောင် ပိုတိကျမှုရှိပြီး လွဲချော်မှုလည်း နည်းပါးလာခဲ့ပါတယ်။ ဒါ့အပြင် စစ်လေယာဉ်တစ်စင်းကို မောင်းနှင်မယ်ဆိုလည်း လေယာဉ်မှူးဟာ လေယာဉ်ပေါ် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ပစ်ခတ်တာထက်စာရင် မိမိအခန်းလေးထဲမှာ သက်တောင့်သက်သာနေထိုင်ရင်း အဝေးထိန်းကိရိယာနဲ့ ပစ်ခတ်ရတာဟာ အသက်တွေကို ခြွေတာရာရောက်သလို မလိုလားအပ်တဲ့ ကုန်ကျစရိတ်လည်း သက်သာစေမှာ အမှန်ပါပဲ။ ဒါကြောင့် နောင်အနာဂါတ်ကာလမှာ စစ်သားတွေဟာ မလိုအပ်တော့ဘူးလို့ ခန့်မှန်းကြပေမယ်လို့ စစ်သားအလုပ်အကိုင်ဟာ လုံးဝကိုပျောက်ကွယ်သွားမယ့် အလုပ်တစ်ခုမဟုတ်ဘဲ အရေအတွက် အနည်းငယ်သာ လျော့နည်းသွားမယ်လို့လည်းဝေဖန်ပြောဆိုခဲ့ကြပါတယ်။

  နဲ့