ကျောင်းဝင်ခွင့်အက်ဆေးအရေးကောင်းလွန်းလို့ တစ်နှစ်တာအခမဲ့စားသောက်ခွင့်ရသွားတဲ့ ကျောင်းသား

အနောက်နိုင်ငံတွေဆီက ကောလိပ်ကျောင်းတွေမှာ ကျောင်းတက်ခွင့်အတွက် ဝင်ခွင့်အက်ဆေးတွေကို အမြဲ ရေးခိုင်းလေ့ရှိပါတယ်။ တာဝန်ရှိသူတွေဟာ အဆိုပါအက်ဆေးတွေကို ကြည့်ပြီး ကျောင်းသားတွေရဲ့ အခြေအနေကို ဆုံးဖြတ်လေ့ရှိတာကြောင့် ဝင်ခွင့်အက်ဆေးတွေဆိုတာ ကျောင်းသားတွေအတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်နေခဲ့ပါတယ်။

ကျောင်းသားအများစုကတော့ အဲဒီအက်ဆေးတွေရေးတဲ့နေရာမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံခြားခရီးစဉ်တွေ – အားကစားလှုပ်ရှားမှုအကြောင်းတွေနဲ့ အနာဂါတ်ရည်မှန်းချက်အကြောင်းတွေကိုသာ အများဆုံးရေးကြပေမယ့် အခုတစ်ယောက်ကတော့ အစားအသောက်တစ်ခုအကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသွားခဲ့ပြီး ဝင်ခွင့်ရသွားခဲ့တာပါ။

အဆိုပါ ကျောင်းသားနာမည်ကတော့ Alex Tiso ဖြစ်ပြီး သူ့ရဲ့ ကောလိပ်ကျောင်းဝင်ခွင့်ကို သူ့ရဲ့ အကြိုက်ဆုံးအစားအစာဖြစ်တဲ့ Burrito မက္ကဆီကိုရိုးစာအစားအစာတစ်ခုအကြောင်းကို အက်ဆေးရေးသားပြီး ကျောင်းဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ သူ့လိုမျိုး အစားအစာအကြောင်းကို အက်ဆေးရေးပြီး ကျောင်းဝင်ခွင့်လျှောက်သူဆိုတာ တစ်ထောင်မှာ တစ်ယောက်မရှိတာကြောင့် သူ့ရဲ့ အက်ဆေးဟာ ဝင်ခွင့်စစ်ဆေးတဲ့ဆရာတွေကြား အလွန်ထူးခြားခဲ့ပြီး ကောလိပ်တာဝန်ရှိသူတွေကလည်း အင်မတန်သဘောကျခဲ့ပါသေးတယ်။

သူရဲ့ အက်ဆေးအရေးကောင်းမှုကြောင့် ကျောင်းဝင်ခွင့် ရရှိသွားရုံတင်မကဘဲ အက်ဆေးထဲမှာ ထည့်ရေးခဲ့တဲ့ စားသောက်ဆိုင်က သူ့ကို Burrito ဟင်းလျာ တစ်နှစ်တာကာလအတွင်း အချိန်မရွေး စိတ်ကြိုက် အခမဲ့စားသောက်ခွင့်ကိုပါ ပေးအပ်ခဲ့ပါသေးတယ်။

အသက် ၁၈ နှစ်အရွယ်ပဲရှိသေးတဲ့ Alex Tiso ဟာ နယူးယောက်ခ်မြို့မှာ နေထိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး Delaware တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားဖို့ဆိုတာ သူ့ရဲ့ အိပ်မက်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ ဒီလိုမျိုး အစားအသောက်အကြောင်းကို အက်ဆေးရေးဖို့ အကြံဉာဏ်က သူ့ရဲ့ အင်္ဂလိပ်စာဆရာမဆီက ရရှိခဲ့တယ်လို့ သူက ပြောပြခဲ့ပါတယ်။

အဆိုပါ အင်္ဂလိပ်စာဆရာမက သူ့ရဲ့ ဝင်ခွင့် အက်ဆေးဟာတခြားလူတွေရဲ့ အက်ဆေးတွေကနေ ခွဲထွက်ပြီး သီးသန့်ဖြစ်ကို ဖြစ်နေရမယ်လို့ ပြောခဲ့တာပါ။ အဆိုပါ အင်္ဂလိပ်စာဆရာမကပဲ ပုံမှန်အက်ဆေးရေးခဲ့တဲ့ကျောင်းသားအများစုက သူတို့ရဲ့ မိသားစုတွေအတွင်းက ဝမ်းနည်းစရာကောင်းတဲ့ ကွယ်လွန်မှုတွေ – အားကစားပြုလုပ်တုန်းက ဒဏ်ရာရခဲ့ပုံတွေ – လူဆိုးဘဝကနေ လူကောင်းတစ်ယောက် အဖြစ်ပြောင်းလဲသွားခဲ့တဲ့ အကြောင်းတွေကို အက်ကြောင်းထပ်အောင် ရေးနေကြပြီး မင်းရဲ့ အက်ဆေးကလည်း သူတို့နဲ့ မတူဘဲ လုံးဝကွဲပြားခြားနားနေတဲ့ အရာတစ်ခုခုကို ဖန်တီးနိုင်ရမယ်”လို့ ဆုံးမစကားပြောခဲ့တာပါ။

Tiso ကို သူ့ရဲ့ဆရာမက ဘယ်သူမှ မရေးဖူးတဲ့ အစားအသောက်တွေအကြောင်းကို အက်ဆေးရေးကြည့်ပါလားလို့ အကြံဉာဏ်ပေးလိုက်ချိန်မှာတော့ Tiso ဟာ သူ ရေးရမယ့်အကြောင်းအရာကို ရရှိသွားပါတော့တယ်။ချက်ချင်းပဲ ဆရာမပေးတဲ့ အကြံဉာဏ်ကို လက်ခံလိုက်ပြီး အစားအစာတွေအကြောင်းကို အက်ဆေးရေးဖို့ စိုင်းပြင်းခဲ့ပါတော့တယ်။

Tiso တစ်ယောက် အစားအသောက်အကြောင်းကို ရေးဖို့ စဉ်းစားလိုက်ချိန်မှာ သူ့ခေါင်းထဲကိုအရင်ဆုံးရောက်လာတာကတော့ Qdoba စားသောက်ဆိုင်တွေဆီက သူ့ရဲ့ အကြိုက်ဆုံးအစားအစာ Burrito ပဲ ဖြစ်ပါတယ်။ Burrito ဆိုတာ အမဲသားနုပ်နုပ်စင်းပြီး ပဲတွေနဲ့ အထူးစီမံထားတဲ့ ရိုးရာဟင်းပွဲတစ်ခုပါ။ သူဟာ အမြဲတမ်းလိုလို Qdoba ဆိုင်တွေဆီရောက်တိုင်း Burrito စားနေကျလည်းဖြစ်နေတဲ့အတွက် သူနဲ့ ရင်းနှီးနေကျ Burrito အကြောင်းကိုပဲ ရေးဖို့ ရွေးချယ်ခဲ့ပါတယ်။

အဆိုပါအက်ဆေးရေးသားပြီး ဝင်ခွင့်လျှောက်လိုက်ချိန်အပြီးမှာ အဖြေဟာ ချက်ချင်း ကျမလာခဲ့ပါဘူး။ ဒါပေမယ့် သူ့ဆရာမဖြစ်သူရဲ့ အသိတစ်ယောက်ပြောစကားအရတော့ Tiso ရဲ့အက်ဆေးဟာ အလွန်ကောင်းမွန်ပြီး ကောလိပ်ဝင်ခွင့်အက်ဆေးတွေထဲမှာ အရမ်းထူးခြားနေတဲ့ အက်ဆေးတစ်ပုဒ်ဖြစ်တယ်လို့ ပြန်ကြားသိခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ကောလိပ်ကျောင်းဆီက ဝင်ခွင့်အောင်မြင်ကြောင်း စာတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။

Tiso တစ်ယောက် Qdoba ဆိုင်က Burrito အကြောင်းရေးပြီး ကောလိပ်တက်ရောက်ခွင့် ရရှိသွားချိန်မှာတော့ သူဟာ Qdoba ဆိုင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ရာမှာ Qdoba ဆိုင် ဘက်ကနေပြီး သူ့ကို Burrito တစ်နှစ်စာ အခမဲ့ လာရောက်စားသောက်နိုင်တဲ့အခွင့်အရေးကိုပါ ပေးအပ်ခဲ့တာပါ။ ဒါ့အပြင် အဲဒီဆိုင်မှာပဲ Tiso စားနေကျ ဟင်းအမယ်တွေနဲ့ Burrito ဟင်းလျာတစ်ခုကို သူ့နာမည်ပေးပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။

  နဲ့