သာမန်နဲ့မတူတဲ့ အထူးဆန်းဆုံး စာသင်ကျောင်းများ

ပညာရွှေအိုး လူမခိုးဆိုတဲ့အတိုင်း စာသင်ကျောင်းတွေဆိုတာက လူငယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလည်း စာသင်ကျောင်းပေါင်းမျိုးစုံရှိပြီး တချို့စာသင်ကျောင်းတွေဆိုရင် အများနဲ့လုံးဝမတူပဲ ကွဲပြားခြားနားနေပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ကမ္ဘာပေါ်က အထူးဆန်းဆုံး စာသင်ကျောင်းတွေကို ဖော်ပြပေးသွားမယ်။

ရေပေါ် ပေါလောပေါ်နေတဲ့ကျောင်း

ဒီစာသင်ကျောင်းကတော့ ပြသနာရှိရင် အဖြေဆိုတာ ရှိရမယ်ဆိုတာကို ပြသသွားတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သုံးပုံတစ်ပုံက နှစ်တိုင်းလိုလို ရေကြီးတဲ့ ပြသနာကို ကြုံတွေ့ကြရပါတယ်။ ဆေးရုံတွေ၊ အိမ်တွေနဲ့ ကျောင်းတွေကလည်း ရေတွေမြုပ်နေတတ်ပြီးတော့ ကျောင်းသူကျောင်းသာတွေအနေနဲ့လည်း စာသင်ကြားရာမှာ အခက်တွေ့ကြရပါတယ်။ အဲ့အတွက်ကို ဖြေရှင်းဖို့အတွက် မိုဟာမတ် လွပ်စ်ဝမ် (Mohammed Rezwan) က ရေပေါ်စာသင်ကျောင်းကို ဆောက်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် ၁၉၉၈ ခုနှစ်မှာ မိုဟာမတ်က သူ့စုထားတဲ့ ပိုက်ဆံတွေနဲ့ ကိုယ်ပိုင် NGO အဖွဲ့အစည်းတစ်ခုတည်ထောင်ပြီးတော့ ရေပေါ်ကျောင်းတွေကို ဆောက်လုပ်လာခဲ့ပါတယ်။ ခုချိန်မှတော့ ရေပေါ်စာသင်ကျောင်းပေါင်း ၅၀ လောက်ရှိပြီး စာသင်ကျောင်းထဲမှာ အင်တာနက်ဝိုင်ဖိုင်လည်းရတဲ့အပြင် စာကြည့်တိုက် နဲ့ ဆေးခန်းတွေလည်း ထောက်ပံ့ပေးထားပါတယ်။ ဒီလိုနဲ့ မိုဟာမတ်ဟာ လူပေါင်း ၅ သိန်းဝန်းကျင်ကို လိုအပ်တဲ့ ပညာရေးအကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။

 

လိုဏ်ဂူထဲက စာသင်ကျောင်း

ကွီးရှိုး (Guizhou) က တရုတ်နိုင်ငံမှာ အရမ်းဆင်းရဲ့တဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒေသမှာရှိတဲ့ ရောင်းဒေါင်မြို့ဟာဆိုရင် မြို့ပြနဲ့ အလှမ်းဝေးနေပြီး လိုဏ်ဂူတွေထဲမှာ နေကြရပါတယ်။ အဲ့ဒီလိုဏ်ဂူတွေကို ရောက်ဖို့ကလည်း ခြေကျင် တစ်နာရီလောက် လမ်းလျှောက်သွားရပါတယ်။ အဲ့မှာနေထိုင်နေတဲ့ မိသားစုပေါင်း ၂၀ လောက်ရှိပြီး သူတို့က သူတို့ကလေးတွေ ပညာရေးအတွက် စာသင်ကျောင်းတွေကို ဆောက်လုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲ့လိုနဲ့ စာသင်ကျောင်းတွေကို လိုဏ်ဂူထဲမှာ ဆောက်လုပ်သင်ကြားလာခဲ့ပြီးနောက်မှာတော့ အခြားနီးစပ်ရာ မြို့က ကလေးငယ်တွေလည်း လာတက်ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း တရုတ်အစိုးရက ၂၀၁၁ ခုနှစ်မှာ အဲ့ဒီကျောင်းကို ပိတ်လိုက်ပါတယ်။ အကြောင်းကတော့ တရုတ်လူမျိုးတွေက လိုဏ်ဂူတွေထဲမှာ နေထိုင်ရမယ့် လူမှုအဖွဲ့အစည်းတစ်ခုမဟုတ်တာကြောင့်ပဲလို့ ဆိုပါတယ်။ အဲ့ဒါနဲ့ ကလေးတွေက ကျောင်းတက်ရဖို့ကို နာရီပေါင်းများစွာလမ်းလျှောက်သွားရတယ်လို့ သိရပါတယ်။ ဒါကတော့ နည်းနည်း မတရားရာကျတယ်လို့ ထင်ပါတယ်နော်။

လွှတ်လပ်ရေးအရဆုံး စာသင်ကျောင်း

စာလုပ်ရမှာပျင်းတဲ့ ကလေးတွေအတွက် ဒီစာသင်ကျောင်းက အဖြေတစ်ခုဖြစ်လို့နေပါတယ်။ သူက ပြောထားတဲ့အတိုင်းပဲ လွှတ်လပ်ရေးအပြည့်ရမှာဖြစ်ပြီး စာသင်ရိုးညွှန်းတန်းတွေလည်းမရှိသလို စာမေးပွဲတွေလည်းမရှိပါဘူး။ နောက်ပြီး ကျောင်းလည်း ပျက်ချင်းတိုင်း ပျက်လို့ရပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း သူတို့စာသင်ချိန်ကို သတ်မှတ်နိုင်သလို သူတို့ ကြိုက်တဲ့ ဘာသာကိုလည်း သွားသင်လို့ရပါတယ်။

ဘာမှ ကန့်သတ်ထားတာ မရှိပါဘူး။ ဒါကြောင့် စာသင်ခန်းထဲမှာ အာဏာရှိသူတွေက ကျောင်းသားတွေသာဖြစ်ပြီး ဆရာမတွေကတော့ ထိန်းကျောင်းပေးသူအဖြစ်သာ တာဝန်ယူရပါတယ်။ ပရိသတ်တို့ထဲမှာကော ခုလိုကျောင်းမှာ စာသင်ချင်တဲ့သူရှိကြလားနော်။

ဂူလူ စာသင်ကျောင်း

ဂူလူကတော့ တရုတ်နိုင်ငံက ရွာလေးတစ်ရွာဖြစ်ပြီး အဲ့ရွာကို ရောက်ဖို့ဆိုရင် တံတားငယ်လေးတွေနဲ့ ကျောက်ဆောင်ကြားတွေကို ဖြတ်ပြီးသွားရပါတယ်။ ဒါကြောင့် ဂူလူစာသင်ကျောင်းလေးကတော့ တောတောင်တွေကြားထဲမှာ ရှိနေတာဖြစ်ပြီး အဲ့ကျောင်းကို တာဝန်ယူထားတဲ့ ဆရာတစ်ယောက်ပဲရှိပါတယ်။ အဲ့လူကတော့ ဂျန်ကူဂျွန်ပဲဖြစ်ပြီး သူက ဂူလူကို ၁၈ နှစ်အရွယ်မှာ ရောက်လာခဲ့ပါတယ်။

တစ်ခါက ကျောင်းသားတစ်ယောက် အိမ်သာတက်ဖို့ သွားတုန်း တောင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့အချိန်ကစပြီးတော့ သူက ရွာသားတွေကို စည်းရုံးကာ ကျောင်းတစ်ခုဆောက်လုပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မြို့ပြထိသွားတက်စရာမလိုတော့ပဲ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း အဲ့ဒီစာသင်ကျောင်းမှာ စာကို ကောင်းကောင်းသင်ယူလို့ရနေပါပြီ။

ရထားပလတ်ဖောင်းပေါ်က စာသင်ကျောင်း

ဆရာမတစ်ယောက်ဖြစ်တဲ့ အင်ဒက်ဂျက် ကူဝါနာ က အလုပ်ကို ရထားနဲ့ သွားတိုင်း ရထားဘူတာရုံမှာ လူငယ်တွေ စာမသင်ပဲနဲ့ တောင်းစားနေကြတာကို တွေ့နေခဲ့ပါတယ်။ ဒါကြောင့် တောင်ကြီးက သင့်ဆီကို ရွေ့မလာရင် သင်က တောင်ဆီသွားရမယ်ဆိုတဲ့အတိုင်း ဒီနေရာမှာလည်း ကလေးတွေက ကျောင်းမသွားကြတာကြောင့် ကျောင်းကို ကလေးတွေဆီသွားအောင် စီစဉ်ခဲ့ပါတယ်။ ဒါနဲ့ ကလေးတွေရှိရာ ဘူတာရုံမှာ စာသင်ကြားပေးဖို့ လုပ်ခဲ့ပါတယ်။

သူက စခဲ့တုန်းကတော့ ကျောင်းတစ်ကျောင်းသာရှိခဲ့ပြီး ခုချိန်ခါမှာတော့ ကျောင်းသားပေါင်း ၄၀၀၀ ကျော်က ကောင်းမွန်တဲ့ ပညာရေးကို ရရှိလို့နေပါပြီ။ အဲ့ဒီကျောင်းတွေက လမ်းဘေးက ကလေးတွေနဲ့ ဆင်းရဲတဲ့ကလေးတွေကိုပဲ ရည်ရွယ်တာဖြစ်ပြီး သူတို့အတွက် အစားအစာနဲ့ ဆေးတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ ကျောင်းသားကျောင်းသူတွေကလည်း စာသင်ကြားရတာ အရမ်းစိတ်ပါကြတယ်လို့ သိရပါတယ်။

မြေအောက် စာသင်ကျောင်း

ခုပြောပြပေးသွားမယ့် အာဘို စာသင်ကျောင်းကတော့ အမေရိကန်မှာ ပထမဆုံးဆောက်လုပ်တဲ့ ပုန်းလျှိုးကွယ်လျှိုး စာသင်ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။ ဒါဆို ဘာလို့ ခုလို ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ။ အဲ့ဒါကတော့ စစ်အေးခေတ်ကာလတုန်းက သမ္မတ John F Kennedy (ဂျွန် အက်ဖ် ကနေဒီ)က ဗုံးဒဏ်ခံနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ခုလို လျှို့ဝှက်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကျောင်းက လုံး၀ မြေအောက်ထဲမှာ ဆောက်ထားတာဖြစ်ပြီး ဝင်ပေါက်တွေကိုလည်း ပေါင်ချိန် ၁၇၆၀ ရှိတဲ့ စတီးတံခါးတွေနဲ့ ကာကွယ်ထားပါတယ်။ ဘယ်လောက်ထိလုံခြုံစိတ်ချရသလဲဆိုရင်တော့ အနုမြူဗုံးဒဏ်တောင် ကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက အဲ့ဒီကျောင်းရဲ့ ထိန်းသိမ်းစရိတ်က အရမ်းမြင့်မားတာကြောင့် ၁၉၉၅ ခုနှစ်မှာ ပိတ်ခဲ့ရပါတယ်။

ခေတ်ရှေးပြေး စာသင်ကျောင်း

ဒီစာသင်ကျောင်းကတော့ စာအုပ်ကိုင်စရာမလိုတဲ့ စာသင်ကျောင်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသူကျောင်းသားတွေအကုန်လုံးကလည်း ကွန်ပျူတာတွေကို ကိုင်ပြီး ဆရာဆရာမတွေကလည်း ကျောက်သင်ပုန်းတွေအစား computer screen တွေကို အသုံးပြုပြီးတော့ သင်ကြားကြမှာပဲဖြစ်ပါတယ်။ တစ်ခုကောင်းတာက အဲ့ကျောင်းက ပြီးတဲ့ ကျောင်းသားတွေဆိုရင် နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ပြီးသားဖြစ်နေတာကြောင့် ကျောင်းပြီးရင်လည်း အလုပ်အကိုင်အခွင့်အရေးကို ပိုရကြပါတယ်။

 

သဘာဝပတ်ဝန်းကျင်ကျောင်း

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ တည်ဆောက်ထားတဲ့ အစိမ်းရောင်ကျောင်းလို့ခေါ်တဲ့ နိုင်ငံတကာကျောင်းတစ်ခုကလည်း ကလေးငယ်တွေအတွက်တော့ အကြိုက်ဆုံးကျောင်းတစ်ကျောင်းဖြစ်မှာပါ။ အဆိုပါကျောင်းကို ဘာလီကျွန်းတစ်ခုပေါ်က သစ်တောအုပ်တစ်ခုထဲမှာ တည်ဆောက်ထားပြီး တစ်ကျောင်းလုံးကို ဝါးပင်​တွေ ပုံစံမျိုးစုံနဲ့ အသုံးချပြီး တည်ဆောက်ထားတာပါ။ အစိမ်းရောင်ကျောင်းဟာ သဘာဝပတ်ဝန်းကျင်အရေးကို ဦးတည်ပြီး သင်ကြားပြသလေ့ရှိတဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီး စာသင်ကြားတဲ့ ကလေးငယ်တွေအားလုံးကိုလည်း သဘာဝနဲ့ နီးစပ်အောင် ဖန်တီးထားပေးတာပါ။ စာသင်ကျောင်းထဲမှာ သစ်သီးသစ်ဥမျိုးစုံကိုလည်း အော်ဂဲနစ်(Organic) နည်းတွေနဲ့ ကလေးတွေကို စိုက်ပျိုးရေးစနစ်တွေ သင်ကြားပို့ချကာ စိုက်ပျိုးထားပြီး အရာအားလုံးကိုလည်း ရီဆိုက်ကယ်(recycled)လုပ်နည်းတွေနဲ့လည်း ​နေထိုင် သင်ကြားပို့ချလေ့ရှိပါတယ်။ ကျောင်းမှာ စိုက်ပျိုးထားတဲ့ အော်ဂဲနစ်အသီးအနှံတွေကိုပဲ ကျောင်းသားတွေအတွက် နေ့လည်စာတွေ စီမံပေးလေ့လည်းရှိပါတယ်။

အဆိုပါကျောင်းမှာ အဓိကသင်ကြားပို့ချတာတာကတော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက်ဖြစ်ပြီး သူတို့ကျောင်းရဲ့ ရည်မှန်းချက်ကတော့ နောင်တစ်ချိန်မှာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်​ယောက် ဖြစ်ဖို့ပါပဲ။ သူတို့ကျောင်းရဲ့ အပြင်အဆင်ကတော့ မြင်လိုက်တာနဲ့ လုံးဝကို သဘာဝကျောင်းလို့ ထင်သွားရလောက်အောင် ပြင်ဆင်ထားတာပါ။ ဆောက်ထားတဲ့နေရာကလည်းတောအုပ်တစ်ခုထဲမှာဖြစ်ပြီး၊ အပြင်အဆင်အားလုံးကလည်း ဝါးတွေဖြစ်ပြီး တကယ့်ကို တောအုပ်ငယ်လေးတစ်ခုထဲ စာသင်ကြားနေရမယ့်ပုံစံပဲဖြစ်ပါတယ်။ သဘာဝရဲ့ အစိမ်းရောင်ကျောင်းဆိုပေမယ့် သဘာဝပတ်ဝန်းကျင်အရေးချည်းပဲ သင်တဲ့ ကျောင်းတစ်ကျောင်းတော့မဟုတ်ပါဘူး။ တခြားကျောင်းတွေလိုမျိုး ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းတစ်ကျောင်းဖြစ်တာကြောင့် ကမ္ဘာအရပ်ရပ်က ကလေးမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို လာထားလေ့ရှိကြတဲ့ ဘာလီကျွန်းတစ်နေရာက အစိမ်းရောင်ကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။

သဘာဝထဲက စာသင်ခန်း

ဂျာမနီနိုင်ငံ – ဘာလင်မြို့ အခြေစိုက် ဖွင့်လှစ်ပြီး တစ်ကမ္ဘာလုံးက နိုင်ငံတွေမှာ ရှိ​နေတဲ့ မူကြိုကျောင်းတွေပါ။ ဒီမူကြိုကျောင်းကို ကလေးမိဘတွေအနေနဲ့ သွားကြည့်လိုက်ရင် တစ်ခါတည်းကို ကျောင်းအပ်ချင်စိတ်ပေါက်လာမှာ အသေအချာပါပဲ။ အဆိုပါ မူကြိုကျောင်းတွေဟာ တစ်နေ့ကို ၆ နာရီအထိ စာသင်ချိန်ယူလေ့ရှိပါတယ်။ ၆ နာရီစာသင်ချိန်ဆိုတာ က​လေးငယ်​တွေအတွက်​တော့ များတဲ့ အချိန်ဆို​ပေမယ့် တကယ်တော့ ​မူကြို​ကျောင်းဟာ ၆ နာရီလုံးလုံးအထိ စာသင်ကြားနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ စာသင်ခန်းနဲ့ သင်ကြားရေး​တွေဟာ စာသင်ကျောင်းတွေ – စာသင်ခန်းတွေ-စာအုပ်​တွေထဲနဲ့တင် သင်ကြား​ပေးတာမဟုတ်ဘဲ တကယ့်ကို အပြင်ဘက်မှာရှိနေတဲ့ သဘာဝတောအုပ်တွေထဲမှာပဲ သင်ကြားရတာ ဖြစ်ပါတယ်။ ကလေးတွေဟာ စာသင်ခုံပေါ်မှာပဲ ထိုင်ရင်း ရှေ့က ဆရာမစာချတာကိုချည်း လေ့လာသင်ယူနေရမယ့် ကျောင်းတစ်ကျောင်း​တော့ လုံးဝမဟုတ်ပါဘူး။ သူတို့လေး​တွေရဲ့ စာသင်ခန်းဟာ လေးဘက်လေးတန် ပိတ်ထားတဲ့နံရံ​တွေအစား သဘာဝတောအုပ်ကလေးတွေက သူတို့အတွက် အကောင်းဆုံးစာသင်ခန်းဖြစ်လာစေခဲ့ပါတယ်။ ကလေးတွေဟာ အပြင်ဘက်မှာ လွတ်လပ်စွာနဲ့ နေထိုင်ခွင့်ရှိပါတယ်။

ကစားတာတွေကိုလည်း လွတ်လွတ်လပ်လပ်ကစားခွင့်ပေးထားပြီး တစ်ရေးအိပ်ချင်တယ်ဆိုလည်း တောအုပ်ထဲမှာလည်း အိပ်လို့ရပါသေးတယ်။ လုံးဝကို သဘာဝနဲ့ နီးစပ်အောင် ဖန်တီးပေးထားတဲ့မူကြိုကျောင်းတစ်ခုပါ။ ပုံမှန်အတိုင်းဆို သစ်ပင်တက်တာ – ရွံ့နွံတွေနဲ့ ဆော့ကစားတယ်ဆိုတာ ကလေးတွေအတွက် အင်မတန်အန္တရာယ်များတဲ့အလုပ်လို့ ဆိုပြီး ကျောင်းအများစုက ပိတ်ပင်ထားပေမယ့် ဒီမူကြိုကျောင်းမှာတော့ အဆိုပါအရာအားလုံးကိုခွင့်ပြုပေးထားပါတယ်။ ကလေးတွေ အပင်တက်ချင်တယ်ဆိုလည်း တက်ခွင့်ပေးထားပြီး ရွံ့နွံတွေနဲ့ ဆော့ကစားချင်တယ်ဆိုလည်း လွတ်လွတ်လပ်လပ်ပဲ ဆော့ကစားခွင့်ပေးထားပါတယ်။ ဒီလို လွတ်လွတ်လပ်လပ်ဆိုပေမယ့်လို့ ဗရမ်းဗတာတော့ ဖန်တီးပေးထားတာမဟုတ်ပါဘူး။ ကလေးတွေရဲ့ စူးစမ်းရှာဖွေမှုနဲ့ လုံခြုံမှုတို့ကို လိုက်လံစောင့်ကြည့်ပေးနေမယ့် ဆရာတစ်ယောက်ကတော့ အနားလေးမှာ အမြဲရှိ​​နေပါတယ်။

သူတို့လေးတွေရဲ့ ဖတ်စာအုပ်ဟာ စာရွက်နဲ့ ရေးသားထားတဲ့ စာအုပ်တွေမဟုတ်တော့ဘဲ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးဟာ ကလေးတွေအတွက် လေ့လာသင်ယူရတဲ့သင်ခန်းစာတစ်ခုဖြစ်နေအောင် စီမံထားတာပါ။ သူတို့ရဲ့ သင်ကြားပြသမှုပုံစံကတော့ ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်မှုအပေါ်မှာ အခြေခံပြီး သင်ကြားပေးတဲ့ ပုံစံပါ။ တောထဲက သစ်ကိုင်းတွေနဲ့ အိမ်ဆောက်လုပ်ရင်း အများနဲ့အလုပ်ခြင်း team work စနစ်ကို သင်ကြားပေးသလို – ရေကာတာတွေ ဘာကြောင့်ဆောက်တယ်- သစ်ရွက်တွေဘာကြောင့်စိမ်းတယ်ဆိုတာကို လက်တွေ့ပြသပြီး သင်ကြားပေးလေ့ရှိတာပါ။ သဘာဝတရားဆိုတာ ကလေးငယ်တွေအတွက်တော့ အမြဲအံ့သြစရာကောင်းနေတဲ့ အရာတစ်ခုဖြစ်ပြီး အဆိုပါ အံ့သြမှုတွေအားလုံးကို လက်တွေ့ပုံစံနဲ့ ရှင်းလင်း သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းပါပဲ။

 

  နဲ့