မီးလောင်တဲ့အိမ်ထဲမှာ ပိတ်မိနေရင်အသက်ရှင်အောင် ဘယ်လိုလုပ်မလဲ

 
မကြာသေးခင်က မင်္ဂလာတောင်ညွှန့်မှာ မီးလောင်လို့ လူသုံးယောက် သေဆုံးသွားခဲ့ပြီး သံဈေးမှာလည်း မီးအကြီးအကျယ်လောက်မှုဖြစ်ခဲ့ရာ လူအမြောက်အများ ဆေးရုံတင်ခဲ့ရပါတယ်။ ဒါကြောင့် မီးဆိုတာ အချိန်မရွေး နေရာမရွေးမှာ ထလောင်နိုင်ပါတယ်။ လူနေအိမ်တစ်အိမ်မှာ မီးထလောင်ခဲ့ရင် အသက်ရှင်ဖို့ ဆုံးဖြတ်ချက်ရန် စက္ကန့်ပိုင်းလောက်သာ အချိန်ရပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် အချိန်ပိုရလာအောင် ဘာလုပ်ရမလဲ၊ အသက်ရှင်ဖို့ ဘာတွေ လိုက်နာရမလဲဆိုတာ သိကြရဲ့လား။ မသိသေးရင်တော့ ခုဗီဒီယိုမှာ ရှင်းပြပေးသွားပါမယ်။ ပရိသတ်တို့ သိထားရမှာက မီးဘေးကနေ အသက်ရှင်လွှတ်မြောက်နိုင်ဖို့ဆိုတာ အိမ် တိုက်ခန်း တည်ဆောက်ပုံနဲ့လည်း အများကြီးဆိုင်ပါတယ်။ ခုပြောပြမယ့် နည်းလမ်းတွေအတိုင်း လိုက်လုပ်ပေမယ့်လည်း သင်နေထိုင်ရာ အိမ် သို့မဟုတ် တိုက်ခန်းက ထွက်ပြေးဖို့ လမ်းမရှိဘူးဆိုရင် ဘာမှမထူးပါဘူး။ ကဲ ဒါဆို ဘယ်နည်းလမ်းတွေလဲဆိုတာ ကြည့်ကြရအောင်
စိတ်အေးအေးထားပါ
စိတ် အရမ်းလှုပ်ရှားနေရင် ဘာလုပ်ရမယ်ဆိုတာ သေချာမဆုံးဖြတ်နိုင်တော့ပဲ ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ မီးတွေ တဟုန်းဟုန်းထတောက်နေတဲ့အချိန်မျိုးမှာ စိတ်အေးအေးထားဖို့ဆိုတာ ခက်ပေမယ့် အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ထားဖို့တော့ လိုအပ်ပါတယ်။ စိတ်ငြိမ်အောင်ထားပြီးတော့ ပြေးဖို့ လွှတ်မယ့်လမ်းတွေကို ခေါင်းထဲမှာ အစီအစဉ်ချဆွဲသင့်ပါတယ်။
နှာခေါင်းနဲ့ ပါးစပ်ကို ကာထားပါ
နေအိမ်တစ်အိမ် မီးလောင်ပြီး သိပ်မကြာခင်မှာ သင့်အိမ် နဲ့ သင့်အခန်းတွေအားလုံး မီးခိုးငွေ့တွေနဲ့ ပြည့်လာပါလိမ့်မယ်။ မီးခိုးက မီးထက် အန္တရာယ် ပိုများတာကြောင့် သင်တို့အနေနဲ့ ထွက်ပြေးဖို့ လမ်းရှာနေတုန်း မီးခိုးငွေ့ရှူမိပြီး သတိမေ့သွားနိုင်ပါတယ်။ဒါကြောင့် မီးခိုးကို ကာကွယ်ဖို့ သင့်အနေနဲ့ အဝတ်အစ တစ်ခုခုကို ရေစွတ်ပြီးတော့ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါဆိုရင် သင့်ကို မီးလောင်အိမ်ထဲကနေ လွတ်လမ်းရှာဖို့ အချိန်အနည်းငယ် ပိုရသွားစေပါလိမ့်မယ်။
ကြမ်းပြင်မှာ နီးနီးကပ်ကပ်နေပါ
သင့်ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားတာက သင့်ကို အချိန်အနည်းငယ်လောက်ပဲ ပိုရသွားစေတာပါ။ ဒါပေမယ့်လည်း သေရေးရှင်ရေးမှာ တစ်စက္ကန့်အလိုက် အရမ်းတန်ဖိုးရှိပါတယ်။ မီးခိုးဆိုတဲ့အမျိုးက အပေါ်ကို တက်ပါတယ်။ ဒါကြောင့် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတာအပြင် သင့်အနေနဲ့ လေးဘက်ကုန်းပြီးတော့ ကြမ်းပြင်မှာ မှောက်လျက်သွားမယ်ဆိုရင် သင်အသက်ရှင်ဖို့ အခွင့်အရေး ပိုရသွားပါလိမ့်မယ်။ ဒါကြောင့် ထွက်ပေါက်ကို ရှာတဲ့အခါ နှာခေါင်း ပါးစပ်ကို ကာထားပြီးတော့ ကြမ်းပြင်ပေါ်မှာ မှောက်လျက်သွားဖို့ကို မမေ့နဲ့နော်။
တံခါး တစ်ပေါက်ချင်းစီကို သတိထားပါ
အိမ်တစ်အိမ်မှာ တံခါးတစ်ခုချင်းစီက သင့်အသက်ကို ကယ်ပေးနိုင်သလို သင်ထွက်ပြေးဖို့ အခက်အခဲလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အခန်းတစ်ခန်းကနေ နောက်တစ်ခန်းကို သွားတဲ့အခါ သင့်နောက်က တံခါးကို ပိတ်ခဲ့ဖို့ မမေ့ပါနဲ့။ အဲ့ဒါမှလည်း မီးက တစ်ခန်းကနေ နောက်တစ်ခန်းကူးဖို့ ခက်ခဲသွားမှာပဲဖြစ်ပါတယ်။ မီးဆိုတဲ့အမျိုးက လောင်ကျွမ်းဖို့ အောက်စီဂျင်လိုအပ်ပါတယ်။ ဒါကြောင့် ခုလို အခန်းတံခါးကို ပိတ်လိုက်တာက အောက်စီဂျင် လည်ပတ်မှုကို ဖြတ်တောက်လိုက်တာနဲ့ တူတူပါပဲ။ ဒါကြောင့် အခန်းတစ်ခန်းကနေ ထွက်လာတိုင်း အခန်းတံခါးကို ပိတ်ခဲ့ဖို့ မမေ့ပါနဲ့နော်။
ထိုနည်းတူပဲ နောက်အခန်းတစ်ခန်းရဲ့ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာလည်း မီးလုံးကြီးထွက်လာတတ်ပါတယ်။ ဒါကြောင့် တံခါးမဖွင့်ခင် တံခါးကြားကနေ မီးခိုးငွေ့တွေထွက်လာသလား စစ်ဆေးသင့်ပါတယ်။ နောက်ပြီး အခန်းတံခါးကို ထိကြည့်ပြီး တံခါးမျက်နာပြင် ပူ မပူလည်း စစ်ဆေးကြည့်သင့်ပါတယ်။ မခြေအနေကောင်းတယ်ဆိုရင် တံခါးကို နည်းနည်းလေးပဲ ဟပြီးတော့ အရင်စစ်ဆေးကြည့်ပါ။ အကုန်ရှင်းတယ်ဆိုရင်တော့ အဲ့ဒီအခန်းကနေ ထွက်ပြေးဖို့သာ လုပ်လိုက်ပါတော့။
ကြမ်းပြင်ပေါ်မှာ လိမ့်လိုက်ပါ
ခုပြောပြမယ့်နည်းကတော့ မီးသတ်သမားတွေ ကျင့်သုံးကြတဲ့ နည်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့်ကိုယ်ပေါ်ကအဝတ် မီးဆွဲသွားပြီဆိုရင်တော့ ကြမ်းပြင်ပေါ်မှာ လိမ့်လိုက်တာက မီးကို ငြိမ်းသွားစေပါလိမ့်မယ်။
သင်လွှတ်မြောက်သွားပြီဆိုရင် ပြန်မဝင်ပါနဲ့
သင့်အနေနဲ့ မီးလောင်နေတဲ့ အိမ်ကနေ လွှတ်သွားပြီဆိုတာနဲ့ အရေးကြီးစာရွက်စာတန်းတို့ တန်ဖိုးကြီးအရာတို့ ပြန်ဝင်ယူဖို့ မလုပ်လိုက်ပါနဲ့။ ဘာအတွက်ပဲ ဖြစ်ဖြစ် ပြန်မဝင်သွားပါနဲ့။ သင် ကံကောင်းပြီး မီးဘေးက လွှတ်လာတာဖြစ်လို့ နောက်တစ်ကြိမ် ကံကောင်းဖို့ဆိုတာ မသေချာပါဘူး။ ဒါကြောင့် သင့်အသက်ကို အရင်ဦးစားပေးပြီး တစ်ခုခုကို ယူမယ်ဆိုလည်း ပရော်ဖယ်ရှင်နယ်တွေကို အကူအညီတောင်းဖို့ လိုအပ်ပါတယ်။
ခုပြောပြတဲ့အချက်တွေက နေအိမ်တစ်အိမ်မှာ မီးလောင်နေရင် အသက်ရှင်စေမယ့် အချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီးလောင်တဲ့ ပုံစံချင်းက တစ်နေရာနဲ့ တစ်နေရာ မတူသလို အိမ်တစ်အိမ်နဲ့ တစ်အိမ်လည်း တည်ဆောက်ပုံချင်းလည်း မတူတာကြောင့် အထူးသတိထားဖို့တော့ လိုအပ်ပါတယ်။

  နဲ့