မင်္ဂလာပါ။ သင်္ကေတချယ်နယ် ရဲ့ ရွှေဉာဏ်ရှင်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ ပြည်ဝင်ခွင့်အပိတ်ခံလိုက်ရတဲ့
ဓာတ်ပုံဆရာတစ်ယောက်ရိုက်ခဲ့တဲ့ မြောက်ကိုရီးယားက လူနေမှုဘဝတွေပဲဖြစ်ပါတယ်။
နာမည်ကျော်ဓာတ်ပုံဆရာ Eric Lafforgue ဟာ ကမ္ဘာပတ်ကာ လူနေမှုဘဝတွေကို ရိုက်ကူးတင်ပြနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
သူဟာ နာမည်ကျော်မြောက်ကိုရီးယားနိုင်ငံကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ၆ ကြိမ်တိုင်တိုင်ရောက်ခဲ့ဖူးသူတစ်ယာက်ဖြစ်ပါတယ်။
သူ့ရဲ့ မြောက်ကိုရီးယားခရီးစဉ်တွေထဲမှာ နိုင်ငံအတွင်း တကယ့်လူနေမှုဘဝတွေကို ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။
ဒီဓာတ်ပုံတွေက လျှို့ဝှက်ကင်မရာတစ်လုံးတပ်ဆင်ပြီး မြောက်ကိုရီးယားအစိုးရမသိအောင် ရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေပဲဖြစ်ပြီး
ဒီဓာတ်ပုံတွေနဲ့ပဲ ကမ္ဘာကို လိမ်ညာထားတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အလိမ်အညာမျက်နှာဖုံးတွေကို ဆွဲချခဲ့ပါတယ်။
ပြည်ဝင်ခွင့်အပိတ်ခံလိုက်ရတဲ့ ဓာတ်ပုံဆရာတစ်ယောက်ရိုက်ခဲ့တဲ့ မြောက်ကိုရီးယားက လူနေမှုဘဝတွေကတော့ –
၁။ ပြုံယမ်းမြို့က စုံတွဲ
ဒီဓာတ်ပုံကို ကြည့်ပြီး သာမန်ရိုးရိုးစုံတွဲတစ်တွဲ ထိုင်နေတဲ့ ဓာတ်ပုံတစ်ပုံလို့ မြင်မိကြပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာတော့ ဒီလိုနေထိုင်နေခြင်းက ပြစ်မှုမြောက်တဲ့ အနေအထားပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုရီးယားနိုင်ငံမှာတော့ လူမြင်ကွင်းတွေမှာ မိမိရဲ့ စိတ်ခံစားချက်အတိုင်း နေထိုင်ခြင်းက ဥပဒေကိုချိုးဖောက်တဲ့အရာတစ်ခုဖြစ်နေပါတယ်။ ဒါ့အပြင် ဒီဓာတ်ပုံရဲ့ ထူးခြားချက်ကတော့ ထိုင်နေတဲ့ စုံတွဲထဲက အမျိုးသားဟာ စစ်သည်တစ်ယောက်ဖြစ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ခရီးသွားတွေက သူတို့ရဲ့ စစ်သည်စစ်သားတွေကို ဓာတ်ပုံရိုက်ကူးခွင့်ပိတ်ပစ်
ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရ တင်းသွားတဲ့အချက်ကတော့ အဲဒီစစ်သားတွေရဲ့ တာဝန်အားလပ်ချိန်ကို ဓာတ်ပုံရိုက်ကူးခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စစ်တပ်တွေ၊ စစ်သည်တွေက အမြဲပဲ စစ်ရေးတာဝန်တွေကို စက္ကန့်မပြတ်တာဝန်ထမ်းဆောင်နေတယ်ဆိုတာကို ပြသချင်လို့ အခုလို အနားယူနေတဲ့ပုံရိပ်တွေကို ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။
၂။ မြောက်ကိုရီးယားအမျိုးသမီးစစ်သည်တစ်ယောက်
ဒီဓာတ်ပုံကလည်း စစ်သည်တစ်ယောက်ကို ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပြီး ကန့်သတ်ထားတဲ့ ဘောင်အပြင်ကနေ လျှို့ဝှက်စွာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။
အမျိုးသားဦးရေ ရှားပါးလာတာနဲ့ အမျှ စစ်ရေးအင်အားကို အခိုင်အမာဆောက်လုပမချင်တဲ့ မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်းမှာ ရှိနေတဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းဆောင်ခိုင်းခဲ့ပါတယ်။
အသက် ၁၇ နှစ်ကစလို့ မြောက်ကိုရီးယား အမျိုးသမီးတွေက စစ်ရေးတာဝန်တွေကို အချိန် ၇ နှစ်ကြာအောင် လေ့ကျင့်သင်ကြားရလေ့ရှိပါတယ်။
စစ်ရေးလေ့ကျင့်နေစဉ်အချိန်မှာလည်း အမျိုးသားစစ်သည်တွေနဲ့ အမျိုးသမီးစစ်သည်တို့က ပြင်းပြင်းထန်ထန်သင်ကြားပေးခြင်းကို ခံစားရလေ့ရှိပြီး စစ်သည်အများစုက ငတ်မွတ်ခေါင်းပါးခြင်းဒဏ်တွေကို အပြင်းအထန်ခံစားရလေ့ရှိပါတယ်။
၃။ ခေါင်းဆောင်ကြီးကို အလေးပြုနေတဲ့ ကလေးငယ်များ
ဒီဓာတ်ပုံကလည်း မြောက်ကိုရီးယားအစိုးရကို ဒေါသထွက်သွားစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။ ပထမအကြောင်းပြချက်ကတော့ ကလေးငယ်တွေရဲ့ ဖရိုဖရဲဖြစ်နေတဲ့ လည်စည်းတွေပဲဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရက သူတို့ရဲ့ ပြည်သူတွေဟာ ကမ္ဘာမှာ စည်းကမ်းအရှိဆုံးဆိုတာကို အမြဲဟန်ဆောင်ပြသလေ့ရှိပြီး ဒီဓာတ်ပုံဆရာကတော့ မြောက်ကိုရီးယားအစိုးရရဲ့ လိမ်လုံးတွေကို ခွာချခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယအကြောင်းပြချက်ကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအနေအထားပဲဖြစ်ပါတယ်။
ဒီကလေးငယ်တွေကို ကြည့်လိုက်တာနဲ့ အရင်ဆုံးမြင်မိမှာကတော့လုံလောက်တဲ့ အာဟာရမစားမသောက်ရတဲ့ ကလေးငယ်တွေလို့ သတိထားမိကြမှာပါ။
နိုင်ငံမှာနေထိုင်နေတဲ့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေခြင်းကို သိသိလျက်နဲ့ လစ်လျူရှူထားလေ့ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက်တော့ ဒီဓာတ်ပုံအပြင်ကို ရောက်ရှိသွားခြင်းက အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်ခဲ့ပါတယ်။
၄။ ပြုံယမ်းမြို့က မြေအောက်ရထားလမ်း
ပြုံယမ်းမြို့မှာ တည်ဆောက်ထားတဲ့ မြေအောက်ရထားလမ်းက ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်လည်ပတ်ပြီး ဓာတ်ပုံရိုက်ခွင့်ရရှိတဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။ ပြုံယမ်းမြို့အတွင်းမှာ နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်ခွင့်ရှိတဲ့ မြေအောက်ရထားလမ်း (၃)ရှိပြီး မြေအောက်ရထားတွေကိုပါ စီးနှင့်ခွင့်ပေးထားပါတယ်။
အဲဒီမြေအောက်ရထားတွေရဲ့ ထူးခြားချက်တစ်ခုကတော့ ကမ္ဘာလှည့်ခရီးသည်တွေစီးဖို့ သက်သက်သာ ပြေးဆွဲနေခြင်းဖြစ်ပြီး ရထားဘူတာရုံနောက်တာနဲ့ ခရီးသည်တွေ အကုန်လုံးကို ရထားအပြင်ဘက်ကို ထွက်ဖို့ ပြောဆိုလေ့ရှိပါတယ်။
အဲဒီမြေအောက်ရထားတွေက ကမ္ဘာ့လှည်ခရီးသည်တွေလာမှသာ မောင်းနှင်တဲ့ ရထားတွေသာဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့အတွက် သီးသန့်ဖန်တီးထားတဲ့အရာတွေပဲဖြစ်ပါတယ်။
၅။ တောင်ကိုရီယားနယ်စပ်ဒေသက တားမြစ်အဆောက်အဦများ
မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်သူတွေကို ဓာတ်ပုံရိုက်ခွင့်တားမြစ်ထားတဲ့ အရာတွေထဲမှာ နိုင်ငံထဲမှာ ရှိနေတဲ့ အဆောက်အဦတွေကို ဓာတ်ပုံရိုက်ခွင့်ကန့်သတ်ထားတာလည်းပါဝင်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်းမှာ ချမ်းသာပြည့်စုံစွာနဲ့ နေထိုင်နေနေကြောင်းကို ကမ္ဘာကို ပြသချင်တဲ့အတွက်ကြောင့် နိုင်ငံထဲမှာ ရှိနေတဲ့ အိမ်အိုအိမ်ဟောင်းတွေနဲ့ ပျက်စီးမှုတွေကို ဓာတ်ပုံရိုက်ခွင့်ပိတ်ပင်ထားလေ့ရှိပါတယ်။
ဒီအိမ်တွေကတော့ တောင်ကိုရီးယားနယ်စပ်တစ်ဝိုက်မှာ ဆောက်လုပ်ထားတဲ့ အိမ်တွေပဲဖြစ်ပြီး လူနေထိုင်ဖို့ တားမြစ်ထားတဲ့နေရာတွေပဲဖြစ်ပါတယ်။
၆။ လမ်းပေါ်မှာ အစားအစာတွေ ရောင်းနေတဲ့ အမျိုးသမီးတစ်ယောက်
တခြားအာရှနိုင်ငံမှာ မြင်တွေ့နေကျအတိုင်း မြောက်ကိုရီးယားနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လမ်းဘေးဈေးသည်တွေလည်း ရှိပါတယ်။
အဲဒီဈေးသည်တွေ အများစုရောင်းချတဲ့ အရာကတော့ ဒေသထွက်ကင်ချီတွေပဲဖြစ်ပါတယ်။ ဈေးသည်တွေကတော့ ကင်ချီတွေက အလွန်အရသာရှိပြီး
စားလို့ကောင်းတယ်လို့ ညွှန်းဆိုခဲ့ကြပေမယ့် ဓာတ်ပုံဆရာဝယ်စားမိခဲ့ချိန်မှာတော့ အစာအိမ်နာတာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
၇။ ပြုံယမ်းမြို့က ခေါင်းဆောင်ကြီးနှစ်ယောက်ရဲ့ ရုပ်ထု
ဒီဓာတ်ပုံကတော့မြောက်ကိုရီးယားနိုင်ငံကို ဦးစီးတည်ဆောက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြီးနှစ်ယောက်ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးနှစ်ယောက်ရဲ့ ရုပ်ထုကို ဓာတ်ပုံရိုက်ကူးတဲ့ နေရာမှာလည်း ကန့်သတ်တားမြစ်ချက်တချို့ ထုတ်ပြန်ထားပါသေးတယ်။
အဲဒါတွေကတော့ အဲဒီရုပ်ထုတွေကို ရှေ့တည့်တည့်ကသာ ဓာတ်ပုံရိုက်ခွင့်ပြုထားပြီး နောက်ဘက်နဲ့ ဘေးဘက်တွေကနေ ဓာတ်ပုံရိုက်ခွင့်လုံးဝမရှိပါဘူး။ ဒါ့အပြင် ရှေ့တည့်တည့်က ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ခေါင်းအစ၊ ခြေအဆုံးပါမှသာ ရိုက်ခွင့်ရှိပြီး ခေါင်းပြတ်၊ ခြေပြတ်တဲ့ ဓာတ်ပုံတွေဆိုရင်ပြန်ဖျက်ခိုင်းပြီး ရိုက်ကူးခိုင်းလေ့ရှိပါတယ်။
ဒီဓာတ်ပုံကတော့ အဲဒီရုပ်ထုကြီးနှစ်ခုရဲ့ ဘေးတစ်ဖက်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပါ။
၈။ ပြုံယမ်းမြို့က လျှပ်စစ်ရထား
နိုင်ငံအတွင်းမှာ ခေတ်မီစက်ယန္တရားတွေဖြည့်တင်းပြီး ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြသချင်တဲ့ မြောက်ကိုရီးယားအစိုးရအတွက် ဒီ ဓာတ်ပုံက ဒေါသထွက်စရာဓာတ်ပုံတစ်ပုံဖြစ်ခဲ့ပါတယ်။
ဒီလျှပ်စစ်ရထားပုံက ပြုံယမ်းမြို့က ရိုးရိုးလျှပ်စစ်ရထားတစ်စင်းကို ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပေမယ့် အလွန်အမင်းအိုဟောင်းပြီးမှန်ကွဲစတွေနဲ့ ဖြစ်နေပါတယ်။
ဒီဓာတ်ပုံက ပြုံယမ်းမြို့အတွင်းက တကယ့်လူနေမှုဘဝကို ပြသနိုင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ တချို့ဒေသတွေမှာ ယခုအချိန်အထိ ပို့ဆောင်ဆက်သွယ်ရေးစနစ်တွေ မထားရှိထားဘဲ လူတွေက ဟိုးရှေးခေတ်ကအတိုင်း လှေတွေ၊ လှည်းတွေနဲ့သာ သွားလာနေကြတုန်းပဲဖြစ်ပါတယ်။
၉။ ပြုံယမ်းမြို့မှာ ဘတ်စ်ကားစောင့်နေတဲ့ လူတန်း
မြောက်ကိုရီးယားနိုင်ငံက သူတို့နိုင်ငံအတွင်းမှာ အင်မတန်ဖွံ့ဖြိုးတိုးတက်နေပြီလို့ ရုပ်သံတွေမှာ မကြာခဏလွှင့်ထုတ်နေပေမယ့် တကယ့်မြေပြင်အခြေအနေနဲ့ သတင်းတွေက ဆန့်ကျင့်ဘက်အနေအနထားပဲဖြစ်ပါတယ်။
ဒီပုံကတော့ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တစ်နေရာမှာ ခိုးရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်ပြီး လူတွေက လာမယ့်ဘတ်စ်ကားကို စောင့်ဆိုင်းနေကြတာပါ။ ပြုံယမ်းမြို့မှာ အမှန်တကယ် လည်ပတ်နေတဲ့ ရထားတွေ၊ ဘတ်စ်ကားအများစုရဲ့ အခြေအနေက အင်မတန်ယိုယွင်းနေပြီး လုံလောက်တဲ့ လောင်စာဆီလည်း မရရှိကြပါဘူး။
ဒါကြောင့် ဒီဓာတ်ပုံက မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေမှန်ကိုဖော်ထုတ်ပြခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ခဲ့ပြီး ဓာတ်ပုံဆရာအပေါ်မှာ အညှိုးတကြီးထားရှိခဲ့ပါတယ်။
၁၀။ ဓာတ်ပုံမရိုက်ဖို့တောင်းဆိုနေတဲ့ မြောက်ကိုရီးယားအမျိုးသမီး
မြောက်ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ လူတွေအကုန်လုံးနီးပါးလောက်က သူတို့ကို ဓာတ်ပုံရိုက်သွားကြမှာကို အင်မတန်ကြောက်လန့်တတ်ကြပါတယ်။
အမြဲတမ်းကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး တစ်ဘဝလုံး အထီးကျန်ဘဝနဲ့ နေလာခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဆီမှာ နိုင်ငံခြားသား ကြောက်တတ်ကြတဲ့ စိတ်အခြေအနေတွေ ရှိနေပါတယ်။
ဒီဓာတ်ပုံထဲမှာပါရှိတဲ့ အမျိုးသမီးကြီးရဲ့ မောပန်းနေတဲ့ အခြေအနေ၊ မပျော်ရွှင်ရတဲ့ အခြေအနေတွေပါဝင်တဲ့ အတွက်ကြောင့် ဒီလို ဓာတ်ပုံတွေ ရိုက်ကူးဖို့ကိုလည်း မြောက်ကိုရီးယားအစိုးရက တားမြစ်ထားပါတယ်။
၁၁။ လမ်းဘေးတစ်နေရာမှာ ဆောက်ထားတဲ့ ဓာတုစက်ရုံ
မြောက်ကိုရီးယားနိုင်ငံတစ်ဝှမ်းလုံးမှာ ဓာတုစက်ရုံပေါင်းများစွာရှိပြီး အဲဒီနေရာအများစုကို လျှို့ဝှက်ထားကြပါတယ်။
တိုးရစ်တွေကို ပြသလေ့ရှိတဲ့ ဓာတုစက်ရုံအများစုကတော့ အဝတ်အစားချည်မျှင်တွေကို ထုတ်လုပ်ရာဓာတုစက်ရုံတွေပဲဖြစ်ပြီး ပြသရာမှာလည်း အပြင်ကနေသာ ပြသလေ့ရှိပါတယ်။
အဲဒီဓာတုစက်ရုံတွေထဲမှာ အဝတ်အစားတွေကို ထုတ်လုပ်တယ်လို့ အစိုးရကတော့ ထုတ်ပြန်ထားပေမယ့် အတွင်းထဲမှာတော့ ဘယ်လိုအရာတွေထုတ်လုပ်နေတယ်ဆိုတာကို ခရီးသည်တွေက သိခွင့်မရရှိနိုင်ပါဘူး။
၁၂။ မြက်နှုတ်နေတဲ့ မြောက်ကိုရီးယားစစ်သားများ
နိုင်ငံမှာ စစ်ရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ မြက်နှုတ်နေတဲ့ ပုံရိပ်တွေက ပြုံယမ်းမြို့တစ်ခွင်မှာ အများဆုံးမြင်တွေ့နိုင်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကိုလည်ပတ်နေတဲ့ ခရီးသည်တွေအနေနဲ့လည်း ဒီမြင်ကွင်းတွေကို လွယ်လွယ်ကူကူတွေ့မြင်နိုင်ပေမယ့်လည်း ဓာတ်ပုံရိုက်ခွင့်တော့ အစိုးရက ခွင့်မပြုထားပါဘူး။
အနောက်နိုင်ငံတွေက ဒီလိုမျိုးဓာတ်ပုံတွေဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ဖော်ပြနေတဲ့ ဓာတ်ပုံတွေလို့ ယူဆထားတာကြောင့် မြောက်ကိုရီးယားအစိုးရက ခွင်မပြုထားတာပဲဖြစ်ပါတယ်။
စစ်သားတွေ စားရတဲ့ အစားအစာကလည်း အင်မတန်ညံ့ဖျင်းလွန်းတဲ့ အစားအစာတွေသာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ သူတို့ရဲ့ menu ထဲမှာလည်း မြက်ပင်တွေက အစပါဝင်လေ့တယ်။ ဒီဓာတ်ပုံကတော့ မြက်ခင်းပင်စိမ်းစိုရေးအတွက်ခြောက်သွေ့နေတဲ့ မြက်တွေကို နှုတ်နေကြတဲ့ မြောက်ကိုရီးယားစစ်သားတွေပဲဖြစ်ပါတယ်။
၁၃။ လမ်းဘေးတစ်နေရာမှာတွေ့ရတဲ့ ရေနွေးငွေ့သုံးထရပ်ကားတစ်စင်း
လုံလောက်တဲ့ လောင်စာဆီမရရှိမှု၊ ဂတ်စ်ပြည့်ပြည့်ဝဝမရရှိမှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ နယ်ဘက်ကျေးဘက်တွေမှာ ရေနွေးငွေ့သုံးယာဉ်တွေကို အများဆုံးမြင်တွေ့ရလေ့ရှိပါတယ်။
ပြုံယမ်းမြို့မှာတော့ ဓာတ်ငွေနဲ့ မောင်းနှင်တဲ့ကားတွေကို လွယ်လွယ်ကူကူမြင်တွေ့နိုင်ပေမယ့် နိုင်ငံရဲ့ ဆင်ခြေဖုံးအရပ်တွေမှာတော့ ကျာက်မီးသွေးသုံးယာဉ်တွေကိုသာ အများဆုံးစီးနင်းကြလေ့ရှိပါတယ်။
ဥရောပနိုင်ငံတစ်ချို့မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒီလို ရေနွေးငွေ့သုံးစက်တပ်ယာဉ်တွေကိုအသုံးပြုလေ့ရှိခဲ့ကြပေမယ့် လုံခြုံစိတ်ချရမှုမရှိတော့တာကြောင့် ဘယ်သူမှ မသုံးစွဲကြတော့ပါဘူး။
၁၄။ ကွန်ပျုတာအသုံးပြုနေတဲ့မြောက်ကိုရီးယားမိန်းမပျို
ကွန်ပျုတာတစ်လုံးရှေ့မှာ ပမိန်းကေလးတစ်ယောက်ထိုင်နေတဲ့ ပုံက ဘာမှမထူးခြားတဲ့ ဓာတ်ပုံတစ်ပုံလို့ ထင်မိကြမှာပါ။
ဒါပေမယ့် ဒီဓာတ်ပုံကို အသေအချာကြည့်ရင် ကွန်ပျုတာပိတ်ထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားကို အလည်အပတ်သွားရောက်သူတိုင်း ပထမဆုံးစတင်သတိထားမိမယ့် အရာကတော့ မီးပြတ်တောက်ခြင်းပဲဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံတစ်ခုလုံးမှာ လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်ရရှိခြင်းမရှိဘဲ မီးပြတ်ခြင်းက ံပုံမှန်ဖြစ်ရပ်တစ်ခုလိုဖြစ်နေဆဲပဲဖြစ်ပါတယ်။
၁၅။ ကမ်းခြေတစ်ဝိုက်မှာ စိုက်ထူထားတဲ့ သံဆူးကြိုများ
မြောက်ကိုရီးယားအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရတော့ နိုင်ငံရဲ့ နယ်စပ်တစ်ဝိုက်မှာ စိုက်ထူထားတဲ့သံဆူးကြိုးတွေက တစ်ဖက်နိုင်ငံက ရန်သူတွေမလာနိုင်အောင် ကာကွယ်ထားတယ်လို့ဆိုကြပါတယ်။
ဒါပေမယ့် ဒီသံဆူးကြိုးတွေ ကာရံထားတဲ့ နောက်အကြောင်းပြချက်တစ်ခုကတော့ နိုင်ငံထဲကနေ ထွက်ပြေးခွင့်မရရှိအောင် ပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။
အင်မတန်တင်းကျပ်လွန်းပြီး အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ နိုင်ငံအများစုက မနေလိုကြဘဲ တစ်ဖက်နိုင်ငံဆီကို ခိုးထွက်ပြေးကြလေ့ရှိပါတယ်။
နိုင်ငံထဲကနေ အခုလို ခိုးထွက်ပြေးကြခြင်းက မြောက်ကိုရီးယားနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲဖြစ်ပြီး သူတို့ အလွယ်တကူထွက်ပြေးလို့မရအောင်တားဆီးပိတ်ဆို့ထားတယ်လို့ ဓာတ်ပုံဆရာကဆိုပါတယ်။