လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား (၁၀) ဦး

ဘောလုံးကွင်းကို ဇုန်တွေ နဲ့သတ်မှတ်တဲ့အခါ စုစုပေါင်း ဇုန် ၁၈ ဇုန်ရှိပါတယ် ။ အဲဒီထဲကမှ ဇုန် ၁၄ နဲ့ ဇုန် ၁၁ မှာ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တဲ့သူတွေကို Attacking Midfielders ကွင်းလယ်တိုက်စစ်ကစားသမားတွေလို့ခေါ်တွင်ကြပါတယ် ။ ဒါကြောင့်ဒီနေ့မှာလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား (၁၀) ဦးအကြောင်းကိုတင်ဆက်ပေးချင်ပါတယ် ။

အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေကို ရွေးချယ်တဲ့နေရာမှာ တိုက်စစ်ကစားတဲ့နေရာတွင် လွှမ်းမိုးနိုင်မှု ၊ ဖန်တီးမှုစွမ်းရည် ၊ ဘောလုံးအမြင် နဲ့ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်တွေအပေါ်မူတည်ပြီးရွေးချယ်ထားတာဖြစ်ပါတယ် ။ ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁၀) ဒီမီထရီ ပေယက်စ်(မာဆေးလ်)

၂၀၁၈ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဒဏ်ရာရရှိပြီးနောက် ပေယက်စ်ဟာ ကစားသမားဘဝက အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရပါတယ် ။ ဒဏ်ရာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားကိုလွဲချော်ခဲ့သလို ၃ လလောက်အနားယူခဲ့ရပါတယ် ။ ၂၀၁၈ သြဂုတ်လမှာ မြက်ခင်းစိမ်းပေါ်ပြန်ရောက်လာတဲ့ ပေယက်စ်က ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပေယက်စ်က အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး မာဆေးလ်ကို အဆင့် ၂ ရောက်အောင် ဆွဲတင်နိုင်ခဲ့ပါတယ် ။

ပေယက်စ်က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ မာဆေးလ်အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၁၂ ဂိုးသွင်းယူပြီး ၂၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ပေယက်စ်ရဲ့အကောင်းဆုံးခြေစွမ်းကို ပရီးမီးယားလိဂ်မှာ ကစားစဉ်က မြင်တွေ့ခဲ့ရပြီး အသက် ၃၃ နှစ်ရှိနေပေမယ့် ပီယက်စ်ရဲ့ဖန်တီးမှုစွမ်းရည်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်တွေ နဲ့ကောင်းကောင်းကြီးယှဉ်လို့ရပါတယ် ။

 

(၉) ပါပူ ဂိုးမက်ဇ် (အတ္တလန်တာ)

ပြီးခဲ့တဲ့ရာသီက အတ္တလန်တာ အနေနဲ့ တိုက်စစ်အားကောင်းတဲ့အသင်းဖြစ်ခဲ့တဲ့နေရာမှာ ဂိုးမက်ဇ်ရဲ့စွမ်းဆောင်ရည်တွေဟာ အဓိက နေရာမှပါဝင်ခဲ့ပါတယ် ။ ဂိုးမက်ဇ်က စီးရီးအေမှာ နောက်ဆုံး ၄ ရာသီဆက် ဖန်တီးမှု ၁၀ ကြိမ်အနည်းဆုံးပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရာသီက ဂိုးမက်ဇ်ဟာ လာဇီယိုကွင်းလယ်လူ အယ်ဘာတိုပြီးရင် စီးရီးအေမှာ ဂိုးရရှိနိုင်မယ့်အခွင့်အရေး အများဆုံးဖန်တီးပေးထားတဲ့ကစားသမားဖြစ်ပါတယ် ။

ဂိုးမက်ဇ်က ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ Open Play ပေးပို့မှု ဒုတိယအကောင်းဆုံးကစားသမား ၊ Box ထဲကို အောင်မြင်တဲ့ ဘောလုံးပေးပို့မှုအများဆုံး ကစားသမားအစရှိတဲ့ မှတ်တမ်းတွေရရှိခဲ့ပါတယ် ။ ဂိုးမက်ဇ်ဟာ ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ကစားသမားဖြစ်ယုံသာမက နေရာလွတ်ရှာဖွေမှုမှာလည်း မှတ်တမ်းကောင်းရရှိထားသူဖြစ်ပါတယ် ။

 

(၈) ဂျက် ဂယ်လီးလစ်ချ် (အက်စတွန်ဗီလာ)

ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာ တန်းမဆင်းခဲ့ရခြင်းရဲ့နောက်ကွယ်မှာ ဂျက် ရဲ့စွမ်းဆောင်ရည်တွေအများကြီးပါဝင်ခဲ့ပါတယ် ။ အင်္ဂလန်သားဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာ ကစားနေတာကြောင့် ဂယ်လီးလစ်ချ် ရဲ့နာမည်က ဥရောပမှာ အခြားကစားသမားတွေလောက် လူပြောမများခဲ့ပါဘူး ။ ဂယ်လီးလစ်ချ် ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအတွက် ၃၆ ပွဲမှာ ၈ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဒါပေမယ့် ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးပေးမှုမှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ကွင်းလယ်လူ ၁၀ ဦးထဲမှာ ပါဝင်နေပါတယ် ။ ဂယ်လီးလစ်ချ် ဟာ ပြီးခဲ့တဲ့ရာသီက ထိရောက်တဲ့ပေးပို့မှု ၁၀၂ ကြိမ်ပြုလုပ်ထားပြီး အဲ့ဒီထဲက ၅၆ ကြိမ်က ပယ်နယ်တီ ဧရီယာထဲမှာ ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ဂယ်လီးလစ်ချ် ဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဘောလုံး နဲ့ အကွာအဝေးအများဆုံးပြေးထားတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ် ။

 

(၇) ကိုင်ဟာဗက်ဇ် (ချဲလ်ဆီး)

အသက် ၂၁ နှစ်အရွယ်ပဲရှိသေးတဲ့ ဂျာမနီ ကွင်းလယ်ကစားသမားဟာ ဥရောပရဲ့အတောက်ပဆုံး ကစားသမားအဖြစ် ထင်ကြေးပေးခံရသူဖြစ်ပါတယ် ။ ဒီရာသီမှာ ချဲလ်ဆီးကိုရောက်ရှိလာတဲ့ ဟာဗက်ဇ်ဟာ သူရဲ့တန်ကြေး ယူရို သန်း (၇၀) ကို ကြည့်ရင် ခြေစွမ်းဘယ်လောက်ရှိလဲဆိုတာ မှန်းဆနိုင်ပါတယ် ။ ဟာဗက်ဇ်ရဲ့အားသာချက် က အမြန်နှုန်း နဲ့ပွဲအပေါ်သုံးသပ်နိုင်မှုပဲဖြစ်ပါတယ် ။ ဟာဗက်စ် ဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် တစ်ခါတစ်ရံ သူ့ကို တောင်ပံ နဲ့ကွင်းလယ်ခံစစ်တွေမှာမြင်တွေ့နိုင်ပါတယ် ။

ဟာဗက်ဇ်က လျှင်မြန်တဲ့ အမြန်နှုန်းရှိတာကြောင့် နေရာလွတ်တွေရှာဖွေတဲ့နေရာမှာလည်း ထူးချွန်သူဖြစ်ပါတယ် ။ ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အတွက် ၁၇ ဂိုးသွင်းယူပေးထားတာကိုကြည့်ရင် အဆုံးသတ်သေချာတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာသိရှိနိုင်ပါတယ် ။ ဟာဇက်ရဲ့ပွဲအပေါ်သုံးသပ်မှုက စူးရှလွန်းတာကြောင့် သူ့ကို ဂျာမနီ ကွင်းလယ်လူဟောင်း မိုက်ကယ်ဘောလက် နဲ့ခိုင်းနှိုင်းကြပါတယ်။

 

(၆) ဟာကင် ဇီယက်စ် (ချဲလ်ဆီး)

ဒီရာသီမှ ချဲလ်ဆီးကိုရောက်ရှိလာတဲ့ ဇီယက်စ်ကို နယ်သာလန်လိဂ်ရဲ့Assist King လို့တင်စားကြပါတယ် ။ ဇီယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အတွက် ၂၁ ပွဲမှာ ၁၃ ဂိုးဖန်တီးပေးထားပြီး ၆ ဂိုးသွင်းယူပေးထားပါတယ် ။ ဇီယက်စ်ရဲ့အားသာချက်က လိုင်းတွေအကြားမှာ လှုပ်ရှားတက်တာဖြစ်ပြီး သူရဲ့ပေးပို့မှုတွေက ပြိုင်ဘက်နောက်တန်းတွေအတွက် မှန်းဆရခက်စေပါတယ် ။ ဒါကြောင့်ဇီယက်စ်ရဲ့ဖြတ်တင်မှုတွေကို နယ်သာလိဂ် ပရိသတ်တွေက Killer Pass လို့တင်စားကြပါတယ် ။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ် ၊ ဂျုဗင်တပ်စ်တို နဲ့ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဇီယက်စ် ရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ဒီရာသီမှာ ချဲလ်ဆီးက ဖန်တီးမှုစွမ်းရည်မြှင့်မားတဲ့ ဇီယက်စ် နဲ့နေရာလွတ်ရှာဖွေမှု အားကောင်းတဲ့ ကိုင်ဟာဗက်ဇ်တို့ကို ဘယ်လို အသုံးပြုသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ် ။

 

(၅) လူးဝစ် အယ်ဘာတို(လာဇီယို)

ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အယ်ဘာတိုထက် ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ ကစားသမားမရှိခဲ့ပါဘူး ။ အယ်ဘာတိုဟာ လာဇီယိုအတွက် ၃၆ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ၁၅ ဂိုးဖန်တီးပေးထားနိုင်ပါတယ် ။ အယ်ဘာတိုဟာ ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးမှု ၁၂၁ ကြိမ်အထိပြုလုပ်ထားနိုင်ပြီး ဥရောထိပ်သီးလိဂ် ၅ ခုမှာ သူထက်သာတဲ့သူဆိုလို ကီဗင် ဒီဘရိုင်းပဲရှိပါတယ် ။

အယ်ဘာတိုဟာ Free Kick Specialist တစ်ဦးဖြစ်ပြီး ထောင့်ကန်ဘော ကန်တင်ရာမှာလည်း တိကျ မှန်ကန်တဲ့ နေရာကို ပေးပို့နိုင်သူဖြစ်ပါတယ် ။ ဒါအပြင် အယ်ဘာတိုဟာ ဘောလုံးဆွဲပြေးတဲ့စကေး ကောင်းမွန်သူတစ်ယောက်ဖြစ်ပြီး Killer Pass တွေကိုလည်း ပေးပို့နိုင်စွမ်းရှိပါတယ် ။ Counter Attack ကစားတဲ့နေရာမှာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဘောလုံးနဲ့ပြေးတဲ့အကွာအဝေး ဒုတိယအများဆုံးကစားသမားဖြစ်ပါတယ် ။

 

(၄) ဘရူနိုဖာနန်ဒက်ဇ်(မန်ချက်စတာယူနိုက်တက်)

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်းရဲ့နောက်ကွယ်မှာ ဖာနန်ဒက်ဇ်ရဲ့စွမ်းဆောင်ရည်တွေအများကြီးပါဝင်နေပါတယ် ။ ဖာနန်ဒက်ဇ်စတင်ရောက်ရှိတဲ့အချိန်တုန်းက မန်ချက်စတာယူနိုက်တက် က အဆင့် ၆ နေရာမှာရပ်တည်နေပြီး အဆင့် ၄ ကအသင်း နဲ့၁၃ မှတ်လောက်ကွာဟနေခဲ့တာပါ ။ ဒါပေမယ့် ဖာနန်ဒက်ရောက်ရှိလာပြီးနောက် အဆင့် ၃ နဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ် ။

ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက စပိုတင်းလစ္စဘွန်း နဲ့ယူနိုက်တက် နှစ်သင်းပေါင်းအတွက် ၃၁ ပွဲမှာ ၁၆ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ် ။ ဒီမှတ်တမ်းက လက်ရှိ မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်း ပြီးရင် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဖြစ်ပါတယ် ။ တစ်ရာသီလုံး ခြုံပြီးပြောရင် ဖာနန်ဒက်က ဒီဘရိုင်းထက်တောင်သာတဲ့နေရာတွေတောင်ရှိပါတယ် ။ ဒါပေမယ့် ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးပေးမှုမှာတော့ဖာနန်ဒက်ဇ်က ၁၀၇ ကြိမ်ပဲရှိခဲ့ပါတယ် ။

 

(၃) ဒီမာရီယာ (ပီအက်စ်ဂျီ)


ဒီမာရီယာက တောင်ပံ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် PSG အသင်းမှာ နေမာ နဲ့ အမ်ဘာပေ တို့ရောက်ရှိလာတဲ့အခါမှာ ကွင်းလယ်တိုက်စစ်ကို ပြောင်းလဲ ကစားခဲ့ပါတယ် ။ ဒီမာရီယာက Open Play ပေးပို့မှု ၉၈ ကြိမ်အထိရှိခဲ့ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာအများဆုံးဖြစ်ပါတယ် ။ ဒီမာရီယာက ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတာ ရီးရဲလ်မက်ဒရစ်မှာ အကြိမ်ကြိမ်သက်သေပြခဲ့ပြီးးဖြစ်ပါတယ် ။

PSG ကိုရောက်ရှိသွားတဲ့အခါမှာ ဒီမာရီယာရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုတွေ နဲ့ နေမာ ၊ အမ်ဘာပေတို့ရဲ့လျှင်မြန်မှုပေါင်းစပ်လိုက်တဲ့အခါမှာ PSG ဟာ ဥရောပမှာ တိုက်စစ်အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပါတယ် ။ ဒီမာရီယာက ပြီးခဲ့တဲ့ရာသီက PSG အတွက် ၂၆ ပွဲမှာ ၈ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။

 

(၂) သောမတ်မူလာ (ဘိုင်ယန်မြူးနစ်)

သောမတ်မူလာကို တိုက်စစ်မှူး ၊ နောက်ချန်တိုက်စစ် အစရှိတဲ့ Position တွေ နဲ့လူသိများကြပါတယ် ။ ဒါပေမယ့် လူသိနည်းတာက သောမတ်မူလာဟာ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ယောက်ဆိုတာပါပဲ ။ သောမတ်မူလာဟာ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်အတွက် ၁၂ နှစ်တာကာလအတွင်း ၁၁၆ ဂိုးသွင်းယူပြီး ၊ ၁၄၄ ဂိုးဖန်တီးပေးထားပါတယ် ။ ဘိုင်ယန်မြူးနစ် အကယ်ဒမီထွက်ဖြစ်တဲ့ မူလာဟာ တည်ငြိမ်တဲ့ ဘောလုံးကစားဟန်ရှိပြီး ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးမှုမှာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ် ။

မူလာဟာ တိုက်စစ်မှူး ၊ နောက်ချန်တိုက်စစ် ၊ ကွင်းလယ်တိုက်စစ်တွေနေရာတွေသာမက တောင်ပံတိုက်စစ်နေရာမှာပါ ကစားနိုင်သူဖြစ်ပါတယ် ။ မူလာ ဟာ ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်သီးလိဂ် (၅) ခုမှာ ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးမှု တတိယအများဆုံးကစားသမားဖြစ်ပြီး ပယ်နယ်တီ ဧရီယာထဲကို ထိရောက်တဲ့ဘောလုံးပေးပို့မှုအများဆုံးကစားသမားဖြစ်ပါတယ် ။

 

(၁) ကီဗင် ဒီဘရိုင်း(မန်စီးတီး)

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား ဘယ်သူလဲလို့မေးရင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းလို့ဖြေကြတဲ့သူပိုများမယ်ထင်ပါတယ် ။ ဒီဘရိုင်းဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဖန်တီးမှု စွမ်းရည်အမြင့်ဆုံးကစားသမားဖြစ်ပြီး ဘောလုံးဆွဲပြေးမှု နဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးနိုင်မှုမှာလည်း အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရာသီက ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးရနိုင်တဲ့အခွင့်အရေးဖန်တီးမှုအများဆုံးဖြစ်ပြီး ၁၂၃ ကြိမ်အထိ ဖန်တီးပေးထားပါတယ် ။

ဒီဘရိုင်းဟာပြီးခဲ့တဲ့ရာသီက ၁၈ ကိုက်စည်းအတွင်းသို့ထိရောက်တဲ့ပေးပို့မှု (၈၈) ကြိမ်အထိပြုလုပ်ထားပြီး ပရီးမီးယားလိဂ်က ဘယ်ကစားသမားမှ ဒီဘရိုင်းထက်သာလွန်တာမရှိပါဘူး ။ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် ၃ ဦး စာရင်းမှာ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ ၊ တိုက်စစ်မှူး လီဝန်ဒေါ့စကီးတို့နဲ့အတူ ပါဝင်နေပါတယ် ။

 

အခုဖော်ပြပေးသွားတာကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား (၁၀) ဦး အကြောင်းပဲဖြစ်ပါတယ် ။ ပရိသတ်တို့ အကြိုက်ဆုံး ကစားသမားက ဘယ်သူ ဖြစ်သလဲဆိုတာကိုလည်း ကွန်းမန့်မှာ ပြောသွားပေးကြပါအုံး။

  နဲ့