ဘယ်တော့မှ တောထဲ လွှတ်မမွေးသင့်တဲ့ အိမ်မွေးတိရစ္ဆာန် (၁၀) ကောင်

မင်္ဂလာပါ။ သင်္ကေတရဲ့ Shwe Nyan Shin page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးတဲ့အလုပ်ဟာ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာထက်ကို အလုပ်တာဝန်တွေများပါတယ်။ သူတို့နေထိုင်ရှင်သန်တတ်တဲ့သဘာဝကိုဆန့်ကျင်ပြီး လူတွေနဲ့အနီးကပ်နေထိုင်ရတာဖြစ်တဲ့အတွက် လူတွေနဲ့ယဉ်ပါးအောင်၊ ပျော်အောင်၊ အသက်ရှင်အောင်မွေးမြူကြရပါတယ်။ အခါအခွင့်သင့်တိုင်းလည်းသူတို့ကိုသဘာဝပတ် ဝန်းကျင်နဲ့ထိတွေ့စေပြီး ခြံဝန်းထဲလွှတ်ကျောင်းပေးရပါတယ်။ ပရိသတ်တို့ကြည့်ဖူးကြမယ် ထင်ပါတယ်၊ ရီယို အန်နီမေးရှင်းဇာတ်ကားထဲက ရီယိုဆိုတဲ့ကြက်တူရွေးလေးဆိုရင် သခင်ဖြစ်သူနဲ့ပဲအိမ်ထဲမှာပဲအနေများပြီး မပျံတတ်ဘဲဖြစ်နေတာပါ။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်မွေးပြီဆိုရင်သူတို့ရဲ့ဖြစ်တည်မှုကိုမမေ့အောင် သဘာဝတရားနဲ့ထိတွေ့ပေး ရပါတယ်။ အခုပြောပြမှာကတော့ အဲဒီလိုသဘာပတ်ဝန်းကျင်နဲ့ထိတွေ့ပြီးလွှတ်ကျောင်း မမွေးသင့်တဲ့အိမ်မွေးတိရစ္ဆာန်တွေအကြောင်းပါ။ ဘယ်လိုအိမ်မွေးတိရစ္ဆာန်တွေလဲ ဘာကြောင့်လဲဆိုတာကိုတော့ သိရဖို့ အဆုံးထိ ဖတ်ကြည့်လိုက်ကြပါနော်။

(၁၀)မြွေ

အိမ်မွေးတိရစ္ဆာန်မွေးတဲ့သူတွေကြားမှာ မြွေကိုမွေးတာကလည်းအတော်လေး ရေပန်းစား ပါတယ်။ မြွေဆိုတာကမ္ဘာပေါ်မှာအဆိပ်ပြင်းဆုံးသက်ရှိတစ်မျိုးပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ကျော်ရှိတဲ့အတွက် တချို့မြွေမျိုးစိတ်တွေက အစိတ်ပြင်းသလောက် အရောင်အဆင်းလည်းလှကြပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်အဖြစ်တကူးတက မွေးလာကြတာပါ။ အဲဒီလိုမွေးတဲ့အခါ ခပ်သေးသေးစပါးအုံးမြွေတို့လို အကောင်သေးသေးလေး တွေကို ခြံဝန်းထဲလွှတ်ပေးပြီးကျောင်းတာကိစ္စမရှိပေမယ့် အကောင်ကြီးကြီးမြွေတွေကို သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့စေတာက ထိန်းကျောင်းမွေးမြူနည်းအမှန်တော့မဟုတ်ပါဘူး။

တချို့အိမ်မွေးတဲ့မြွေတွေဆိုရင်မျိုးစိတ်တွေစပ်ပြီးသားဖောက်ထားတာဖြစ်တဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်နဲ့မအပ်စပ်တဲ့မြွေမျိုးစိတ်ဆိုရင်ပိုလို့တောင်မလွှတ်ကျောင်းသင့်ပါဘူး။ နောက်ပြီးမြွေတွေက အစားများများစားတတ်တဲ့သတ္တဝါ တွေတော့မဟုတ်ပါဘူး။ တိရစ္ဆာန်အကောင်ငယ်ငယ်လေးတွေဒါမှမဟုတ် သူတို့ပါးစပ်နဲ့ဆံ့သလောက်ပဲ အမဲလိုက်ဖမ်းယူစားသောက်လေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့ပေါက်ဖွားရာမျိုးရင်း ဒေသမဟုတ်တဲ့နေရာမှာမွေးထားမိတဲ့မြွေမျိုးဆိုရင် အပြင်ပတ်ဝန်းကျင်ကိုလွှတ်ပြီးမကျောင်း ပေးသင့်ပါဘူး။ အဲဒီလိုလွှတ်ပေးလိုက်ရင် တခြားအသေးစားသက်ရှိတွေအတွက်အန္တရာယ် ရှိနိုင်ပါတယ်။

ဇီဝဗေဒသုတေသနဆာဗေးတွေအရ အဲဒီလိုလွှတ်ကျောင်းပေးမိတဲ့စပါးအုံးမြွေတွေ ကြောင့် သေးငယ်တဲ့ပိုးမွှားသက်ရှိအရေအတွက် ပေါင်း ၉၉ရာခိုင်နှုန်းအထိသေကြေဆုံးရှုံးကြရ တယ်လို့ဆိုပါတယ်။ အဲဒီလိုပိုးမွှားသက်ရှိတွေဆုံးရှုံးရင် သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်ပျက်စီးစေနိုင်လို့ အကောင်ကြီးကြီးမြွေတွေမွေးထားရင် လွှတ်ကျောင်းမမွေးဖို့သတိပေးတိုက်တွန်းချင်ပါတယ်။

(၉) Hermit-Crabs (ဝင်ကစွပ်ကောင်)

ကမ္ဘာတစ်ဝန်းက အိမ်မွေးတိရစ္ဆာန်မွေးမြူတဲ့သူတွေကြားမှာ ထူးခြားတဲ့ပုံပန်းသဏ္ဍာန်ရှိတဲ့ ဝင်ကစွပ်ကောင်လေးတွေကိုမွေးမြူကြတာက အချိန်တိုတွင်းမှာပဲရေပန်းစားလာပါတယ်။ သူတို့ကိုခြံဝန်းမြက်ခင်းပြင်တွေထဲဖြစ်ဖြစ် အပြင်ကိုလွှတ်ပြီးမမွေးသင့်တဲ့အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က ဒီသေးငယ်တဲ့သတ္တဝါလေးတွေဟာ ဘက်တီးရီးယားတွေကို သယ်ဆောင်လေ့ရှိပါတယ်။ သူတို့ကိုထည့်မွေးတဲ့ရေကန်လို ဇလားလိုဟာတွေထဲမှာမမြင်နိုင်တဲ့ ဘက်တီးရီးယားတွေပေါက် ဖွားကြပြီး အဲဒီဘက်တီးရီးယားတွေကို အပြင်ကိုသယ်ဆောင်သွား တတ်ကြပါတယ်။

သေချာတာကတော့ ဝင်ကစွပ်ကောင်တွေကိုဒီလို အပြင်လွှတ်ကျောင်း လိုက်တာနဲ့ သူတို့ခန္ဓာကိုယ်နဲ့ ကပ်ပါသွားတဲ့ဘက်တီးရီးယားပိုးမွှားတွေဟာ ပတ်ဝန်းကျင်ဂေဟ စနစ်ကိုထိခိုက်ပျက်စီးစေပါလိမ့်မယ်။ ခရုခွံထဲမှာနေတဲ့ဂဏန်းမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဒီဝင်ကစွပ်ကောင်လေးတွေဟာ သူတို့ရဲ့သဘာဝအရနေထိုင်တာထက်ကို လွှတ်ပေးလိုက်တာ နဲ့နေရာတိုင်းကိုလျှောက်သွားနိုင်ပြီး ဘက်တီးရီးယားတွေကိုလည်းသယ်ဆောင်သွားနိုင်ပါတယ်။ ရောက်တဲ့နေရာတိုင်းကနေ သယ်ဆောင်လာတဲ့ဘက်တီးရီးယားတွေဟာ သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟစနစ်ကိုထောက်ပံ့ပေးနေတဲ့ တခြားမမြင်နိုင်တဲ့သက်ရှိမျိုးစိတ်တွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

နောက်ပြီး သူတို့ကိုယ်သူတို့လည်းပြန်ပြီးရောဂါဘယတွေကပ် တွယ်စေပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဝင်ကစွပ်ကောင်တွေမှာ မျိုးစိတ်ကွဲပေါင်းများစွာ ရှိပါတယ်။ မျိုးစိတ်တစ်ခုကနေလည်း နောက်ထပ်မျိုးစိတ်ပေါင်းများစွာ ထပ်ပွားနိုင်ပြီး အဲဒီလိုပွားများပြီးရင်လည်းအကုန်လုံးကိုထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်ပါတယ်။

(၈)Snails (ခရု)

တိရစ္ဆာန်နဲ့ လူကြားကခံစားချက်ဆက်နွယ်မှုတွေက ပြောဖို့တော့ခက်ပါတယ်။ ခရုတွေကိုဘယ်လိုစိတ်ကူးမျိုးနဲ့ အိမ်မွေးတိရစ္ဆာန်တွေအဖြစ်မွေးကြလဲမသိပေမယ့် အာဖရိကန်မျိုးဧရာမခရုကြီးတွေကတော့ Pet မွေးသူတွေကြားမှာ အတော်လေးပေါ်ပြူလာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ခရုတို့ ၊ စောစောကပြောခဲ့တဲ့ ဝင်ကစွပ်ကောင်တို့ဆိုတာ လူတွေနဲ့ထိတွေ့ရင်းနှီးတာမျိုးသိပ်မရှိတဲ့အတွက်မွေးသာမွေးရတာ အချိန်ကြာလာတော့လည်းပျင်းစရာကောင်းလာကြပါတယ်။ ဒါကြောင့် ခရုမွေးသူတွေဟာ အစပိုင်းမှာ အားတက်သရောရှိခဲ့သလောက် နောက်ပိုင်းမှာမမွေးချင်ကြတော့ဘဲရေကန် ရေစပ်ရှိတဲ့နေရာတွေကို ဒီတိုင်းအလွယ်တကူဘေးမဲ့လွှတ်ပေးလိုက်ကြပါတော့တယ်။ အခုအရေးကြီးတဲ့အချက်လာပါပြီ။

အဲဒီလိုအပြင်ကိုဘေးမဲ့လွှတ်လိုက်တာမျိုးလုံးဝလုံးဝ မလုပ်ပါနဲ့လို့ သတိပေးပါရစေ။ အမေရိကန်မှာဆိုရင် ဒီလိုခရုမွေးတာက တရားမဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီခရုတွေဟာအဖျက်စွမ်းအားကြီးကြတဲ့သက်ရှိတွေဖြစ်လို့ပါပဲ။ ပြီးတော့ မျိုးပွားနှုန်းကလည်းမြင့်ပါတယ်။ ၁၉၆၆ခုနှစ်တုန်းက အမေရိကန်မှာ ကောင်လေးတစ်ယောက်ကဒီအာဖဂန်မျိုးဧရာမခရုကြီးတစ်ကောင်ကို မိုင်ယာမီအထိသယ်လာပါတယ်။ သူ့အဖွားဖြစ်သူက အဲဒီခရုကြီးကိုအိမ်ခြံဝန်းထဲကိုလွှတ် ပေးလိုက်တဲ့အခါမှာတော့ ပွားလာတဲ့ခရုတွေကိုမထိန်းသိမ်းနိုင်တော့ပါဘူး။ အဲဒီလိုခြံထဲလွှတ်ပေးပြီး ၇နှစ်အကြာမှာ ခရုအကောင်ရေ (၁၈၀၀၀)အထိတိုးပွားသွား ပါတော့တယ်။

အဲဒီခရုတွေကြောင့်ပဲ ဖလော်ရီဒါပြည်နယ်တစ်ဝန်းသဘာဝပတ်ဝန်း ကျင်တွေထိခိုက်ပျက်စီးကုန်တဲ့အတွက် ဒီခရုတွေကိုဒေါ်လာသန်းချီကုန်ကျခံပြီး သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး ခရုရှင်းတဲ့အလုပ်ဟာလည်း ဆယ်နှစ်အထိကြာသွားခဲ့ပြီး အဲဒီအချိန်မှ ဒီခရုတွေအားလုံးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

(၇)The Green Iguana

အမေရိကန်ဖွတ်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ The Green Iguana တွေကလည်း တိချစ်သူတွေအများဆုံးမွေးကြတဲ့ pet တစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုဂရုစိုက်ထိန်းသိမ်းရတာသိပ်ပြီးအလုပ်မရှုပ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့အကောင်ငယ်သေးတဲ့အချိန်မှာသိပ်ပြဿနာမရှိပေမယ့် တဖြည်းဖြည်းကြီးထွားပြီးအရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့ကိုအိမ်ထဲမှာထားရတာ ထိန်းကျောင်းရတာသိပ်အဆင်မပြေတော့ပါဘူး။ ဒါကြောင့် The Green Iguana မွေးကြတဲ့တိပိုင်ရှင်တွေက သူတို့ကိုသဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့စေပြီး လွှတ်ကျောင်းဖို့ ဒါမှမဟုတ်ရင် သဘာဝတောတောင်ထဲကိုအပြီးတိုင်ဘေးမဲ့ပေးလိုက်ဖို့ဆုံးဖြတ်လေ့ရှိကြပါတယ်။

သူတို့ရဲ့မူလဇာစ်မြစ်နေထိုင်ကျက်စားတဲ့နေရာမဟုတ်ဘဲ အဲဒီလိုလွှတ်ပေးလိုက်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကိုသေချာပေါက်ထိခိုက်စေမှာပါ။ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ ဟာဝိုင်အီဒေသတွေမှာဆိုရင် အဲဒီလိုလွှတ်ပေးလိုက်တဲ့ The Green Iguana တွေကကိုလိုနီတွေဖြစ်လာကြပါတယ်။ ကိုလိုနီဆိုတဲ့အတိုင်း ဒေသခံသက်ရှိမျိုးစိတ်တွေရဲ့ အစားအသောက်တွေကို ဒီကောင်တွေကပိုင်စိုးပိုင်နင်းနဲ့ကြီးစိုး စားသောက်လာတာ ပဲဖြစ်ပါတယ်။ ဟာဝိုင်အီမှာဆိုရင်ဒေသခံမျိုးရင်းသက်ရှိတွေကိုကာကွယ်နိုင်ဖို့ ဒီ The Green Iguana တွေမွေးမြူတာကိုတရားဝင်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် သင်သာThe Green Iguana တစ်ကောင်လောက်မွေးထားမိပြီး ဂရုမစိုက်နိုင်တော့တာ၊ မမွေးနိုင်တော့တာမျိုး ဆိုရင်တော့ မွေးနိုင်တဲ့နောက်ထပ်ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ပိုင်ရှင်အသစ်ရှာပြီးလွှဲပြောင်း ပေးလိုက်ပါလို့အကြံပေးချင်ပါတယ်။ သူတို့ကို အလွယ်တကူပေါ့ပေါ့လေးတွေးပြီး တောထဲဒီတိုင်း လွှတ်ပေးလိုက်တာမျိုးလုံးဝမပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၆)The Cane Toad

ပေါက်ဖွားနှုန်းမြန်သလောက် အဆိပ်လည်းပြင်းတဲ့ဒီ Cane Toad ဖားပြုတ်တွေကလည်း ကမ္ဘာမှာ ပေါ်ပြူလာအဖြစ်ဆုံး pet တွေဖြစ်ပါတယ်။ သူတို့မျိုးရင်းဒေသမဟုတ်တဲ့နေရာတွေ မှာမွေးရင်ပိုလို့တောင်အန္တရာယ်များပါသေးတယ်။ ဟာဝိုင်အီ၊ ကာရေဘီရန်ဒေသနဲ့ ဖိလစ်ပိုင်တို့မှာဆိုရင် ဒီ ကိန်းတို့စ် ဖားပြုတ်တွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြတဲ့သူတွေဟာဖားတွေကို အဖျက်ပိုးမွှားတွေရန်ကိုကာကွယ်ထိန်းချုပ်နိုင်ဖို့ ကြံစိုက်ခင်းတွေထဲကိုလွှတ်ပေးတတ်ကြပါတယ်။

ဒီဖားပြုတ်တွေက ကြံစိုက်ခင်းထဲကအဖျက်ပိုးမွှားတွေကိုထိန်းချုပ်နိုင်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဒီဖားတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် နိုင်ငံခြားပို့ကုန်တွေဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ကံဆိုးတာတစ်ခုက ဒီဖားပြုတ်တွေမှာလက်မခံနိုင်စရာကောင်းတဲ့အကျင့်ဆိုးတွေရှိကြပါတယ်။ သူတို့ကကောက်ပဲသီးနှံအဖျက်ပိုးတွေနဲ့ အင်းဆက်ပိုးမွှားတွေကိုစားသောက်ရုံသာမက သဘာဝပတ်ဝန်းကျင်အကျိုးပြုသက်ရှိတွေကိုပါစားသောက်ပစ်လေ့ရှိပါတယ်။ သူတို့ရဲ့ကြီးမားပြန့်ကားတဲ့ပါးစပ်ကြီးနဲ့ တခြားသက်ရှိတွေကိုပါစားသောက်ပစ်ကြပါတယ်။

ခန္ဓာကိုယ်အရွယ်အစားကလည်း အလျား ၁၁လက်မကျော်လောက်အထိကြီးထွားနိုင်ကြပြီး သူတို့အနားကပ်တဲ့သက်ရှိမှန်သမျှကိုသေစေနိုင်တဲ့ပြင်းထန်တဲ့အဆိပ်တစ်မျိုးကိုလည်းထုတ်လွှတ်ပါသေးတယ်။ ဒါကြောင့် ဒီဖားပြုတ်တွေကို ဂေဟစနစ်ကိုပျက်စီးစေတဲ့အန္တရာယ်ရှိသားရဲ တိရစ္ဆာန်အဖြစ်သတ်မှတ်ထားပြီး တောတောင်ထဲဘေးမဲ့လွှတ်တာမျိုးကိုပိတ်ပင်တား မြစ်ခြင်းဖြစ်ပါတယ်။

(၅) Red Eared Sliders

၁၉၀၀ပြည့်နှစ်လောက်က ဒီ Red Eared Sliders ကောင်တွေကိုတောထဲတောင်ထဲတွေက နေဖမ်းပြီး ဈေးကွက်ထဲမှာရောင်းချခဲ့ဖူးပါတယ်။ အရွယ်အစားအားဖြင့်သေးငယ်တဲ့ခန္ဓာကိုယ် လေးတွေဖြစ်ပြီး ဈေးလည်းပေါတဲ့အတွက် အိမ်မွေးတိရစ္ဆာန်မွေးတဲ့သူတွေ အတွက်အကြိုက်တွေ့စေခဲ့ပါတယ်။ ၁၉၅၀ပြည့်နှစ်လောက်ရောက်တော့တောထဲတောင်ထဲ ကဖမ်းရတာရှားပါးလာလို့ထင်ပါတယ်၊ မွေးမြူရေးကန်တွေမှာ အကောင်ရေသန်းနဲ့ချီပြီးမွေး မြူလာကြပါတယ်။

ရောင်းပန်းလှအောင်အရွယ်အစားနဲ့ ပုံစံကိုလည်းအမျိုးမျိုးသားစပ် မွေးမြူကြပြီးတော့ နိုင်ငံခြားကအိမ်မွေးတိရစ္ဆာန်ဈေးကွက်ကိုသင်္ဘောတွေနဲ့တင်ပို့ ရောင်းချပါတော့တယ်။ အဲဒီမှာပဲ ဆယ်ကျော်သက်အရွယ်ရှိတဲ့ သားစပ်ထားတဲ့ နင်ဂျာသန္ဓေပြောင်းလိပ်ဟာ အတော်လေးရောင်းပန်းလှခဲ့ပြီးတော့ တိမွေးသူတွေရဲ့ အလှမွေးအဏ္ဏဝါရေကန်တွေတိုင်းမှာနေရာယူလာပါတော့တယ်။ အဲဒီမှာပဲ ဒီလိပ်နဲ့ပတ်သက်ပြီးဆိုးရွားတဲ့အန္တရာယ်တစ်ခုကိုသတိပြုမိကြပါတော့တယ်။ တချို့လိပ်မွေးသူတွေက အချိန်နဲ့အမျှကြီးထွားလာတာတဲ့ ဒီ Red Eared Sliders တွေကိုမထိန်းသိမ်းနိုင်ကြတော့ဘဲဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။

အဲဒီလိုဘေးမဲ့လွှတ်ကြတဲ့အတွက် တောထဲတောင်ထဲကသက်ရှိတွေကိုအနိုင်ယူကြီး စိုးကုန်ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်းအသက်ငယ်ငယ်အချိန်မှာကတည်းက မျိုးအောင်နှုန်းမြင့်ပြီး အကောင်ရေတွေပွားများလွန်းတဲ့အတွက် သူတို့ကိုလွှတ်ပေးလိုက်တဲ့တောတောင်တွေထဲမှာရှိတဲ့နဂိုမျိုးရင်းလိပ်တွေမှာ အစာရေဆာရှားပါးလာကြပါတော့တယ်။

(၄)The Red Lionfish

ဒီ ရက်ဒ်လိုင်းယင်းဖစ်ရှ် တွေဟာလည်းပင်လယ်ရေသတ္တဝါတွေမွေးတဲ့ဝါသနာအိုး အများစုမွေးကြတဲ့ pet တွေပါပဲ။ ဒါပေမဲ့ အဲဒီလိုသာမွေးနေကြတာ ဒီ ရက်ဒ်လိုင်းယင်း ဖစ်ရှ်တွေကို pet အနေနဲ့ထိန်းသိမ်းရခက်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ မမွေးနိုင်တော့လို့ ရေရှိရင်ပြီးရောဆိုပြီးမြစ်ထဲအိုင်ထဲဘေးမဲ့လွှတ်လိုက်ဖို့စိတ်ကူးနေရင် အဲဒီစိတ်ကူးကိုအမြန်ဆုံးပယ်လိုက်ပါလို့သတိပေးချင်ပါတယ်။ ဒီ ရက်ဒ်လိုင်းယင်းဖစ်ရှ်တွေကို ဘာကြောင့် ရေထဲအလွယ်တကူမလွှတ်သင့်လဲဆိုတဲ့အကြောင်း အရင်းကိုပြောပြပါမယ်။

၁၉၉၂ခုနှစ်ဝန်းကျင်လောက်က ရက်ဒ်လိုင်းယင်းဖစ်ရှ် ခြောက်ကောင်ကို ဖလော်ရီဒါပြည်နယ်ကရေရှိရာအရပ်တစ်ခုမှာ အမှတ်တမဲ့လွှတ်မိခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဖလော်ရီဒါရေဧရိယာတွေမှာနေထိုင်ကျက်စားတဲ့တခြားငါးမျိုးစိတ်အရေအတွက်လျော့ကျလာပါတော့တယ်။ အကြောင်းအရင်းကတော့ ရက်ဒ်လိုင်းယင်းဖစ်ရှ်တွေက အသားစားရေသတ္တဝါတွေ ဖြစ်ပြီးသူတို့ထက်အင်အားနည်းတဲ့ရေထဲက တခြားသက်ရှိတွေကိုအမဲလိုက်ဖမ်းဆီးစား သောက်ပစ်ကြလို့ပဲဖြစ်ပါတယ်။ ပိုဆိုးတာက ဒေသခံမျိုးရင်းငါးတွေကတစ်ခါမျိုးပွားဖို့ သုံးလေးနှစ်စောင့်ရသလောက် ဒီအမဲလိုက်ငါးတွေကတော့ ခြောက်လတစ်ခါပေါက်ဖွားနေကြပါ တယ်။

နောက်ပြီး ရက်ဒ်လိုင်းယင်းဖစ်ရှ်အမတစ်ကောင်ဟာ တစ်နှစ်မှာ ဥပေါင်းနှစ်သန်း လောက်ဥနိုင်ပြီး အကောင်ရေသန်းချီပေါက်ဖွားနိုင်ကြပါသေးတယ်။ ပြီးတော့လည်းသူတို့ဗိုက်တစ်ခါပြည့်ဖို့ဆိုရင် အကြိမ်ရေ ၃၀လောက်အစာစားကြပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီရက်ဒ်လိုင်းယင်းဖစ်ရှ်တွေကိုဘာကြောင့်ရေရှိရင်ပြီးရော အလွယ်တကူမလွှတ်သင့်လဲဆိုတာကိုသဘောပေါက်လောက်ပြီထင်ပါတယ်။

(၃)Chameleons

ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး ခန္ဓာကိုယ်အရောင်ပြောင်းနိုင်စွမ်းရှိတဲ့ပုတ်သင်ညိုတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးလာကြတာတော်တော်တော့ကြာပါပြီ။ ဒီလိုသဘာဝတရားကပေးတဲ့အစွမ်းသတ္တိတွေပိုင်ဆိုင်ထားတဲ့ ပုတ်သင်ညိုတွေဟာ ကမ္ဘာကြီးမှာဖြစ်တည်ရှင်သန်လာကြတာဟာဆိုရင်လည်း သက်တမ်းတော်တော်ကြာမြင့်ပြီဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ သူတို့ကို Pet အဖြစ်မွေးလာကြခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အာဖရိက မဒက်ဂါစကာနဲ့ ဥရောပတောင်ပိုင်း၊ အာရှတိုက်တောင်ပိုင်းမျိုးပုတ်သင်တွေဆိုရင်ပိုပြီးနာမည်ကြီးပါတယ်။ ဒါပေမဲ့ သူတို့ကိုလည်းတောထဲတောင်ထဲကိုအလွယ်တကူမလွှတ်သင့်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ အကောင်သေးတဲ့ဖားမျိုးစိတ်တွေနဲ့ အိမ်မြောင်၊ ကင်းလိပ်ချောနဲ့ ပုတတ်တွေအတွက် ဒီပုတ်သင်မျိုးတွေက သတ်ဖြတ်အနိုင်ကျင့်သူတွေပါပဲ။

သေးငယ်တဲ့နို့တိုက်သတ္တဝါတွေ၊ ငှက်တွေနဲ့ လယ်ယာစိုက်ခင်းတွေထဲက အင်းဆက်တွေနဲ့ တခြားတွားသွားသက်ရှိတွေတောင် သူတို့ရဲ့ရန်ကိုကြောက်ရတယ်လို့သိရပါတယ်။ ဩစတြေးလျန်းပုတ်သင်တွေဆိုရင် မျိုးပွားနှုန်းမြင့်ကြပြီး ရာသီဥတုပြောင်းလဲတဲ့အခြေအနေတွေကိုတောင်ကြံ့ကြံ့ခံနိုင်ကြ တယ်လို့သိရပါတယ်။

(၂)Goldfish

ရွှေငါးကိုတော့ ငါးဝါသနာအိုးတိုင်းလိုလိုမွေးမြူကြပါတယ်။ ရွှေငါးတွေကိုဘာကြောင့်ရေရှိ တဲ့အရပ်မှာ အလွယ်တကူဘေးမဲ့လွှတ်တာမျိုးမလုပ်သင့်ဘူး ဆိုတာနဲ့ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်ကကြားရတာဒဏ္ဍာရီလိုလိုယုံရ ခက်ခက်ဖြစ်နိုင်ပေမယ့် တစ်ခါက ရွှေငါးမွေးသူအိမ်မှာ အမှတ်တမဲ့လည်းဖြစ်ချင်ဖြစ်မယ်၊ တမင်လည်းဖြစ်ချင်ဖြစ်မယ် မွေးထားတဲ့ရွှေငါးကအိမ်သာခွက်ထဲကျသွားခဲ့ပါတယ်။ မလိုချင်တော့လို့ စွန့်ပစ်လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထားပါတော့ အဓိကကတော့ အဲဒီလိုအိမ်သာခွက်ထဲကျသွားတဲ့ရွှေငါးဟာ မိလ္လာပိုက်ကနေတစ်ဆင့်ရေရှိတဲ့အရပ်တွေဆီကို အဆင့်ဆင့်ကူးခတ်ပျောက်ကွယ်သွားတယ်လို့ဆိုပါတယ်။

ပြီးတော့အဲဒီရွှေငါးဟာ အဆမတန်ကြီးထွားလာခဲ့ပြီး နောက်ဆုံး အမေရိကန်နိုင်ငံက နီဗားဒါးနဲ့ ကယ်လီဖိုးနီးယားနယ်စပ်က Tahoe ဆိုတဲ့ရေကန်ကြီးထဲမှာဖမ်းမိခဲ့တယ်လို့ဆိုကြပါ တယ်။ ဒီအကြောင်းအရာကရွှေငါးနဲ့ပတ်သက်ပြီးရှိဖူးတဲ့ဒဏ္ဍာရီဆိုပါတော့။ ပရိသတ်တို့ရော ဘယ်လိုထင်မိလဲ။ တကယ်တော့ ဒီရွှေငါးတွေက ငါးပြတိုက်တို့လို၊ အလှမွေးကန်တို့လိုနေရာ တွေမှာပဲမွေးရတဲ့ထူးခြားတဲ့သက်ရှိတွေဖြစ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းရှိနေတဲ့ရေကန် တို့ မြစ်ချောင်းအင်းအိုင်တို့ထဲရောက်သွားတာနဲ့ စူဠလိပ်ရေထဲလွှတ်သလို ရွှေငါးတွေအတွက် စိတ်ကြိုက်ကြီးထွားပြီး စိတ်ကြိုက်ရှင်သန်ခွင့်ရသွားကြမှာဖြစ်ပါတယ်။

အဲဒါနဲ့တစ်ဆက်တည်း သဘာဝအတိုင်းရှင်သန်ကြတဲ့ငါးမျိုးစိတ်တွေနဲ့ တခြားရေသတ္တဝါတွေကိုဖမ်းဆီးစား သောက်ပစ်ကြပြီးတော့ ဂေဟစနစ်ကိုသေချာပေါက်ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။ သူတို့စွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေကလောင်စာတွေလိုအစွမ်းသတ္တိရှိပြီး ပင်လယ်ရေမှော်တွေကိုပါပျက်စီးဆုံးရှုံးစေတယ်လို့သိရပါတယ်။

(၁)Rabbits

ယုန်ဆိုတဲ့သတ္တဝါက အပြေးမြန်သလောက် စိတ်လှုပ်ရှားလွယ်တဲ့အတွက်လူတွေနဲ့ဝေးရာ တောထဲတောင်ထဲတွေထဲမှာနေထိုင်လို့ပဲအများစုကသိထားကြပါတယ်။ အခုသူတို့ကိုမွေးပြီးရင် တောထဲတောင်ထဲပြန်မလွှတ်သင့်ဘူးဆိုတဲ့အချက်ကနည်းနည်းတော့ထူးဆန်းနေမှာပါ။ အကြောင်းအရင်းကဒီလိုပါ။ ယုန်တွေကို pet အနေနဲ့မွေးကြသလို ယုန်သားကိုအ ခြေခံစားသောက်ကုန်အနေနဲ့ထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေလည်းရှိနေပြန်ပါတယ်။

ဒါကြောင့်ယုန်တွေဟာ လူသားတွေရဲ့အမဲလိုက်ခြင်းကိုခံနေကြရပါတယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ ယုန်တွေကသားပေါက်နှုန်းမြန်ပါတယ်။ ၁၈၅၉ခုနှစ်လောက်က ဩစတြေးလျမှာ တမင်အမဲလိုက်ဖို့ ယုန် ၂၄လေးကောင်ကိုတောထဲလွှတ်ခဲ့ဖူးပါတယ်။ အဲဒီ ၂၄ကောင်မှာတချို့ကိုပြန်ဖမ်းမိခဲ့ပြီး တချို့လွတ်သွားတဲ့အကောင်တွေကထပ်ပြီး မျိုးပွားကုန်ပါတယ်။ ၁၉၂၀လည်းရောက်ရော ဩစတြေးလျမှာ ယုန်အကောင်ရေ ၁၀ဘီလီယံအထိတိုးပွားလာခဲ့ပါတယ်။

အဓိကအကြောင်းအရင်းကတော့ ယုန်တွေကသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေပေမယ့် သားပေါက်နှုန်းမြင့်တဲ့တွက် အကောင်ရေတွေတိုးလာရင် ယုန်သားစားတာတွေမြင့်တက် လာပြီးတော့မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကြုံရနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ယုန်တွေကိုမွေးပြီးရင် တောထဲတောင်ထဲလွတ်မသွားအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

  နဲ့