ဆုံးဖြတ်ချက်ချရတာ ခက်နေလား။ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုကြောင့် အခုချိန်မှာ နောင်တရနေလား။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ချင်လား။ အောက်က အချက် ၁၀ ချက်ကိုလိုက်နာလိုက်မယ်ဆိုရင် ပရိတ်သတ်တွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ရွှေးချယ်မှုတစ်ခုရဲ့ နောက်ဆက်တွဲကဘာလဲ စဉ်းစားပါ
ရွေးချယ်ဖို့ခက်နေတယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကြောင့် အနာဂတ်မှာ ဘာဖြစ်နိုင်မလဲဆိုတာကို စဉ်းစားပါ။ စိတ်ဖိစီးမှုတွေ များပြီး အလုပ်တွေများနေတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ချဖို့ ပိုခဲ့ယဉ်းပါတယ်။ ဒီအချိန်မှာ လူတွေက အနာဂတ်ကို စဉ်းစားတာထက် လက်ရှိကိုယ့်ရဲ့ အာရုံပြုထားတဲ့ နောက်ကိုပဲ လိုက်တတ်ပါတယ်။ ဥပမာ နာရီနိုးစက်ထမြည်တယ်။ နိုးစက်ကို ပိတ်ပြီး ထပ်အိပ် လိုက်မိတယ်။ မိနစ် အနည်းငယ် ဆက်အိပ်ခွင့်ရလိုက်တယ်။ မစဉ်းစားတာတော့မဟုတ်ပါဘူး။ လက်ရှိအိပ်ချင်စိတ်က လွှမ်းမိုးထားလို့ ရုံးမသွားခင် မနက်စာစာဖို့ အချိန်မရှိမှာကို စဉ်းစားတာထက် အနည်းငယ် ဆက်အိပ်ခွင့်ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင် အနာဂတ်မှာ ဘာဖြစ်နိုင်မလဲဆိုတာကို စဉ်းစားပြီးချတာဟာ ပိုမိုကောင်းမွန်တဲ့ ဆုံးချက်ပဲဖြစ်ပါတယ်။
အဆိုးနဲ့အကောင်း အကျိုးနဲ့အကြောင်း ချိန်ကြည့်ပါ
ဆုံးဖြတ်ချက်ချမယ်ဆိုရင် ပထမဆုံး အဆိုးနဲ့အကောင်းတွေကို ချရေးပါ။ စာရွက်တစ်ရွက်ရဲ့ အလည်တည့်တည့်ကနေပြီးတော့ မျဉ်းတစ်ကြောင်းဆွဲကြည့်လိုက်ပါ။ ဘယ်ဖက် အခြမ်းကို ကိုယ့်ရင်ထဲမှာ ဆုံးဖြတ်ချက်ချဖို့အတွက် အငြင်းအခုန်ဖြစ်နေတဲ့ ကောင်းကွက်တွေချည်းပဲ ချရေးပါ။ ညာဘက်ခြမ်းမှာ ကိုယ်ဒီဆုံးဖြတ်ချက်ချလိုက်လို့ရှိရင် ဖြစ်ပေါ်လာနိုင်တဲ့ အဆိုးဆုံးအခြေ အနေတွေကို ချရေးပါ။ ပြီးတော့ ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ယူနိုင်သလောက်ယူပါ။ အကုန်ချရေးပြီးသွားရင် ညာဘက်ကော ဘယ်ဘက်ကောမှာ အရေးကြီးဆုံး သုံးခုလောက်ကိုရွေးထုတ်ပြီး ယှဉ်ကြည့်ပါ။ ဆုံးဖြတ်ချက်ချသင့် မချသင့် အဖြေပေါ်လာပါလိမ့်မယ်။
ကိုယ့်စိတ်ခံစားချက်ကို နားလည်ပါ
ဆုံးဖြတ်ချက်တွေချတယ်ဆိုတာ ကိုယ့်စိတ်ခံစားချက်နဲ့ ကိုယ်ချကြတာများပါတယ်။ ဆုံးဖြတ်ချက်ချခါနီးမှာ ကိုယ်ရဲ့ ခံစားချက်ကို တစ်ချက်စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ခံစားမှု ဘယ်လောက်အရှိန်မြင့်နေသလဲ။ ဒီခံစားချက်က ဘာကြောင့်လာတာလဲ၊ ဘယ်လိုဖြစ်လာတာလဲ ဆိုတာကို ပို သတိထားကြည့်ပါ။ အဲ့ဒီစိတ်ခံစားချက်တွေဟာ ကိုယ့်ဆုံးဖြတ်ချက်ကို လွမ်းမိုးနေတတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် သူငယ်ချင်းတွေက ကိုယ့်ဘေးမှာ သုံးပြနေတာကြောင့် ကိုယ်လည်း အဲ့ပစ္စည်းတစ်ခုလိုချင်စိတ်အရမ်းပြင်းထန်နေတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီပစ္စည်းက ကိုယ်တကယ်လိုအပ်လား မလိုအပ်ဘူးလားဆိုတာ သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။
ကိုယ်ရဲ့ တန်ဖိုးကိုလည်း ကိုယ်သိပါ
အကြောင်းအရာနှစ်ခုပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ချက်ချရမယ်ဆိုရင် ကိုယ်ရဲ့ တန်ဖိုးကို သိရှိပြီးမှ ဆုံးဖြတ်ချက်ချတာကောင်းပါတယ်။ ကိုယ့်ရဲ့ ရိုးသားမှု၊ မိသားစု၊ စွန့်စားလိုမှုတွေကိုထည့်သွင်းစဉ်းစားပြီးရင် ကိုယ်ဘာလိုချင်လဲဆိုတာ ရှင်းလင်းလာပါလိမ့်မယ်။ အဓိကပြောချင်တာက အဲ့လိုစဉ်းစားလိုက်ခြင်းဖြင့် ကိုယ်ဆုံးဖြတ်ချက်တွေအတွက် ဘယ်လိုခံစားမယ်ဆိုတာ သိလာပါလိမ့်မယ်။
ယုတ္တိဆန်ပါစေ
အချက်အလက်ပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက်ဟာ ပိုမှန်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့တွက် စာရွက်တစ်ရွက်ပေါ်မှာ ရေးမှတ်ပါ။ ဥပမာ တစ်ခုခုဝယ်ဖို့ဆိုရင် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ ဈေးနှုန်း၊ အရည်အသွေး၊ ပစ္စည်းသုံးသပ်ချက်တွေကို ချရေးပါ။ အခြားတံဆိပ်တွေနဲ့ ယှဉ်ပြီးတော့ အဲ့ဒီအချက်တွေကို ၁ ကနေ ၁၀ အတွင်း အမှတ်ပေးပါ။ ဒါဆိုရင် အချက်အလက်ကို အခြေခံတဲ့ ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်။
စိုးရိမ်စိတ်ကိုလည်း ဂရုစိုက်ပါ
စိုးရိမ်စိတ်ကြီးတဲ့သူတွေက ဆုံးဖြတ်ချက်ချရတာ ပိုခက်ပါတယ်။ စိုးရိမ်စိတ်ကြီးရင် ဆုံးဖြတ်ချက်ချတာ မှားတတ်ပါတယ်။ ဥပမာဆိုပါတော့ အားလပ်ရက် ခရီးတစ်ခု ထွက်တယ်၊ လေယာဉ်အကြာကြီး စီးရမှာ၊ ဈေးကြီးမှာ၊ သက်သောင့်သက်သာမဖြစ်မှာ စိုးရိမ်တယ်ဆိုပါတော့။ ဒီလိုစိုးရိမ်စိတ်ကြောင့် ဘယ်လေကြောင်းလိုင်းအကောင်းဆုံးလဲဆိုတာကို အသေအချာစီစစ်နိုင်ရင်တော့ ကောင်းတဲ့ဆုံးဖြတ်ချက်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်လွန်းပြီးတော့ အားလပ်ရက်ခရီးတောင် မထွက်ဖြစ်တော့ဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။
ရိုးသားမှုရှိပါ
မှန်တာတွေပဲလုပ်တာဟာ အကောင်းဆုံးရွေးချယ်မှုပါ။ ကိုယ်ယုံကြည်တယ်ထင်တာကို ကိုယ်ရပ်တည်ရဲတာဟာ အရမ်းအကြပ်အတည်းဆိုက်ပြီး အငြင်းပွားဖွယ်ဖြစ်နေချိန်မှာ ခေါင်ဆောင်ကောင်းတွေ လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ ညှိနှိုင်းပြီးတော့ ရလဒ်ကောင်းတွေ အများကြီးရနိုင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ ရိုးသားမှု၊ ကိုယ့်ရဲ့ စရိုက်နဲ့ ကိုယ့်ရဲ့ ချမှတ်ထားတဲ့တန်ဖိုးတွေကိုတော့ လျော့မပေးလိုက်ပါနဲ့။
ယုံကြည်ရတဲ့သူတွေနဲ့တိုင်ပင်ပါ
အလုပ်အသစ်ပြောင်းသင့်လား၊ ဆက်နေသင့်လား၊ အိမ်ထောင်အသစ်ပြုရမလား၊ ခွဲရမလား၊ ကလေးယူရမလား ဆိုတဲ့ဟာတွေကို ကိုယ်ချစ်ရခင်ရတဲ့သူတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့အတွက် အခြားသူတွေကို ပြောမပြဘဲ ဆုံးဖြတ်တာ မကောင်းပါဘူး။ ဒါပေမဲ့လည်း ဒါက ကိုယ့်ကို ဆုံးဖြတ်ချက်မှားစေနိုင်တယ်ဆိုတာလည်း သတိပြုပါ။ အရေးအကြီးဆုံးက အခြားသူတွေကို ကိုယ့်ဆုံးဖြတ်ချက်ချရာမှာ ဘယ်လောက်ထိ ဝင်ပါစေချင်လဲဆိုတာဖြစ်ပါတယ်။