သိပ္ပံပညာရှင်တွေတောင် အဖြေရှာလို့မရတဲ့ သဘာဝလွန်ဖြစ်ရပ်များ

မင်္ဂလာပါ – သင်္ကေတကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ သိပ္ပံပညာရှင်တွေ အဖြေမထုတ်နိုင်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်းပဲဖြစ်ပါတယ်။ အဲ့ဒီ်ဖြစ်ရပ်တွေက တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိစ္စတွေဖြစ်ပြီး ဘာကြောင့် ဒီလိုမျိုး ထူးဆန်းတဲ့ အရာတွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိရှိနိုင်ခဲ့ကြပါဘူး။ သိပ္ပံပညာရှင်တွေကတော့ နည်းမျိုးစုံနဲ့ အဖြေထုတ်တွက်ချက်ခဲ့ကြပေမယ့်တိကျတဲ့ အဖြေတစ်ခုမရရှိခဲ့ဘဲ လက်လျော့ခဲ့ရတဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ကဲ.. ဘယ်ဖြစ်ရပ်တွေက ဘယ်လိုထူးထူးဆန်းဆန်းတွေဖြစ်ခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၈ – ထူးဆန်းသောအမည်မသိအသံကြီး

နယူးမက္ကဆီကို ပြည်နယ်မှာရှိတဲ့ တာအိုစ့်(Taos)လို့ ခေါ်တဲ့ မြို့တစ်မြို့က ကမ္ဘာပေါ်မှာ ရှားရှားးပါးပါးအဖြစ်အပျက်တစ်ခုရှိနေတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဘာကြောင့် တာအိုစ့်မြို့က ထူးဆန်းနေရသလဲဆိုတော့ အဆိုပါမြို့ရဲ့ ညအချိန်-လုံးဝ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ထူးဆန်းတဲ့အသံကြီးတွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ မော်တော်ကားအင်ဂျင်နိုးသံလိုလို – စက်ယန္တရားကြီးတွေ မောင်းခုတ်သံလိုလို စဉ်ဆက်မပြတ်ကြားနေရတဲ့ ထိုအသံက တာအိုစ့်မြို့ရဲ့ ညအချိန်တွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ အဆိုပါ ထူးဆန်းတဲ့ အသံတွေက ဘယ်ကထွက်လာသလဲ၊ ဘာကြောင့်ထွက်လာသလဲဆိုတာကိုတော့ လုံးဝအဖြေရှာလို့မရခဲ့ပါဘူး။

ဒါ့အပြင် အဆိုပါ အသံကြီးတွေဟာ တုန်ခါနှုန်းနိမ့်လွန်းတာကြောင့် လူတိုင်း နားထောင်ခွင့်မရှိဘဲ အကြားစွမ်းရည်ကောင်းလှတဲ့ လူတွေသာ နားထောင်နိုင်စွမ်းရှိကြတာပါ။ လူတွေကတော့ သဲကန္တာရအတွင်းမှာရှိနေတဲ့ အဆိုပါမြို့လေးထဲက ထွက်လာတဲ့ ထူးဆန်းတဲ့အသံကြီးဟာ အစိုးရရဲ့ လျှို့ဝှက်လုပ်ငန်းတစ်ခုခုကနေ ထွက်လာတာလို့ ယုံကြည်ကြပြီး တချို့ကတော့ မြေကြီးအောက်မှာ ထားထားတဲ့ ဂြိုဟ်သားတွေရဲ့ အာကာသယာဉ်လှုပ်ရှားမှုကြောင့်ဖြစ်တာလို့ ပြောဆိုနေကြပါတယ်။ ယခုအချိန်အထိ အဆိုပါ အသံကြီးဟာ သိပ္ပံပညာရှင်တွေအတွက်ခေါင်းခဲစေခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး ယနေ့အချိန်အထိ ကြားနေရဆဲလည်းဖြစ်ပါတယ်။

၇ – ပင်လယ်ခြားပြီးပေါက်ရောက်ကြတဲ့ မှိုပွင့်တွေ

ကယ်လီယို-အက်တစ်စ်ဆိုတဲ့ မှိုမျိုးစိတ်တစ်ခုကတော့ ဒီကမ္ဘာပေါ်မှာ လုံးဝကို ရှားပါးလွန်းလှတဲ့ မှိုတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ မှိုတွေက ကမ္ဘာပေါ်မှာ နေရာ ၂ နေရာတည်းမှာသာပေါက်ရောက်ပြီး တခြားဘယ်နေရာမှ မပေါက်ပါဘူး။ အဆိုပါနေရာနှစ်နေရာကတော့ ဂျပန်နိုင်ငံနဲ့ အမေရိကန်တက္ကဆက်ပြည်နယ်တို့မှာသာဖြစ်ပါတယ်။ တကယ်တော့ ဂျပန်နိုင်ငံနဲ့ တက္ကဆက်ပြည်နယ်တို့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလွန်ဝေးကွာလွန်းတဲ့နေရာ ၂ ခုဖြစ်ပြီး ဒီလိုနေရာ ၂ နေရာတည်းမှာ အဆိုပါ မှိုဟာ ပေါက်ရောက်နိုင်တယ်ဆိုတာက ထူးခြားတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အလယ်မှာ ပင်လယ်ကြီးတစ်ခုလုံး ခြားထားပေမယ့် ကယ်လီယိုအက်တစ်စ်မှိုတွေကတော့ ပင်လယ်တွေခြားပြီးမှ ပေါက်ရောက်နိုင်ကြတဲ့ အချက်ဟာ သိပ္ပံပညာရှင်တွေကို ခေါင်းစားစေခဲ့ပါတယ်။

ဒီလိုမျိုး အလှမ်းဝေးကွာလွန်းလှတဲ့ နေရာ ၂ နေရာရဲ့ ထူးခြားချက်တွေကို လိုက်ရှာကြည့်ရာမှာလည်း မှိုပေါက်တဲ့ နေရာ၂ခုက လတ္တီကျု့တွေ တူနေတယ်ဆိုတဲ့ အချက်ကလွဲရင် တခြားတိုက်ဆိုင်မှုတွေ – ထူးခြားတဲ့အရာတွေကို ရှာမတွေ့ခဲ့ကြပါဘူး။ ၂၀၀၄-ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အဆိုပါနေရာ ၂ ခုက မှိုပင်တွေရဲ့ DNA ကို ရယူပြီး စမ်းသပ်စစ်ဆေးကြည့်ရာမှာ မှိုပင်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာလောက်ကတည်းက အတူတကွရှင်သန်ခဲ့ကြတဲ့ မှိုတွေဖြစ်ပြီး ယခုမှသာပင်လယ်ခြားကာ ဝေးကွာသွားတဲ့ မှိုတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။

၆-ရုရှားနိုင်ငံက “က” နေတဲ့သစ်ပင်များ

ကလီနီယမ်ဂရတ်(Kaliningrad)လို့ခေါ်တဲ့ ရုရှားနိုင်ငံက မြို့မှာရှိတဲ့ တောအုပ်တစ်အုပ်ကတော့ ထူးဆန်းတဲ့ တောအုပ်တစ်ခုပါ။ အဆိုပါတောအုပ်ထဲမှာ သစ်ပင်ပေါင်းများစွာရှိပြီး ထင်းရှူးပင် အရေအတွက်တော်တော်များများကိုလည်း စိုက်ပျိုးထားပါတယ်။ ကလီနီယမ်ဂရတ်တောအုပ်ထဲက ထင်းရှူးပင်တွေရဲ့ ပေါက်ရောက်ပုံကတော့ ထူးခြားနေပြီး သိပ္ပံပညာရှင်များက ဘာကြောင့်ဒီလိုပုံစံတွေဖြစ်လာသလဲဆိုတာကို အဖြေရှာမရခဲ့ပါဘူး။ အဆိုပါ ထင်းရှူးပင်တွေက မြင်တွေ့နေကျ သစ်ပင်တွေလို ဖြောင့်ဖြောင့်တန်းတန်း မဟုတ်ဘဲ ကွေးညွှတ်နေကြပါတယ်။ အဆိုပါ ထင်းရှူးပင်တွေကို ၁၉၆၀ တစ်ဝိုက်မှာ စနစ်တကျ စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပြီး အစောပိုင်းကာလ စိုက်တုန်းကတော့ ယခုလိုမျိုးမဟုတ်သေးဘူးလို့ သိရပါတယ်။

ဘာကြောင့်ထင်းရှူးပင်တွေဟာ ကွေးညွှတ်သွားပါသလဲ၊ ကခုန်နေသလိုမျိုးပျော့ခွေနေတဲ့ ပုံစံဖြစ်သွားသလဲဆိုတာကို လုံးဝအဖြေရှာလို့မရခဲ့ပါဘူး။ တချို့ကတော့ သစ်ပင်တွေ နုစဉ်ကာလအချိန်မှာ လေပြင်းပြင်းတိုက်မှုတွေကြောင့် အခုလို ကွေးညွှတ်သွားတယ်လို့ယုံကြည်ကြပြီး တချို့ကတော့ မြေဆီလွှာအနေအထားမှားယွင်းမှုကြောင့် အခုလို ဖြစ်ရတယ်လို့လည်း ယုံကြည်လက်ခံထားကြပါတယ်။ ဒေသခံတချို့ကတော့ အဆိုပါ ထင်းရှူးပင်တွေကို အရက်သမားထင်းရှူးပင်တွေလို့ခေါ်ပြီး ယနေ့အချိန်အထိ ဘာကြောင့် ဒီလိုကွေးသွားသလဲဆိုတာကိုလုံးဝ အဖြေရှာလို့မရခဲ့ပါဘူး။

၅- မိုဗီရယ်လိုဏ်ဂူ

အခုပြောပြပေးသွားမယ့် လိုဏ်ဂူကတော့ ကမ္ဘာပေါ်မှာ လုံးဝကို မရှိခဲ့ဖူးတဲ့ ထူးခြားတဲ့ လိုဏ်ဂူပါ။ အဆိုပါလိုဏ်ဂူ က တည်ရှိခဲ့တာ နှစ်သန်းပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး တကယ့်ကိုရှေးဟောင်းအမွေအနှစ်တစ်ခုလို့တောင် သတ်မှတ်လို့ရပါတယ်။ မိုဗီရယ်လိုဏ်ခေါင်းကြီးရဲ့ ထူးခြားချက်ကတော့ လိုဏ်ခေါင်းထဲမှာ ရှိနေတဲ့ ဇီဝစနစ်ပဲဖြစ်ပါတယ်။ လိုဏ်ခေါင်းအတွင်းနက်နက်ထဲမှာ ရှိနေတဲ့ ဇီဝစနစ်ဟာ ကမ္ဘာမြေရဲ့ ဇီဝစနစ်နဲ့ လုံးဝကို မတူညီဘဲ သီးသန့်ဖြစ်တည်နေပါတယ်။ အဆိုပါလိုဏ်ခေါင်းထဲက နေရာကတော့ နောက်ထပ်ဂြိုဟ်တစ်ခုကိုရောက်ရှိသွားသလိုမျိုး ခံစားရစေမှာပဲ ဖြစ်ပါတယ်။

ပညာရှင်တွေကတော့ အဆိုပါလိုဏ်ခေါင်းကြီးရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၅သန်းကျော်ခဲ့ပြီးလို့ ကျောက်တုံးတွေ – တည်ဆောက်ပုံတွေကိုကြည့်ပြီး ကောက်ချက်ချခဲ့ပါတယ်။ လိုဏ်ခေါင်းထဲကို ဝင်တဲ့ လမ်းတွေကလည်း အင်မတန်မှ ရှုပ်ထွေးပြီး အပေါက်များစွာလည်း ရှိနေတာကြောင့် လုံးဝကိုစိတ်ခြောက်ခြားစရာနေရာတစ်နေရာလည်းဖြစ်နေခဲ့ပါတယ်။


လူတွေအတွက်တော့ အဆိုပါ လိုဏ်ဂူကြီးဟာ အဆိပ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့ သတ်မှတ်လို့ရနိုင်ပေမယ့် တကယ့် တကယ်ကတော့ အဆိုပါ လိုဏ်ခေါင်းကြီးထဲမှာ ကမ္ဘာမြေနဲ့မတူညီတဲ့ ဇီဝစနစ်ရှိနေခဲ့ခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်မှာ ရှာမတွေ့နိုင်သေးတဲ့ အင်းဆက်မျိုးစိတ်သစ်ပေါင်း ၃၃ မျိုးလောက်က အဆိုပါလိုဏ်ခေါင်းကြီးထဲမှာ အသက်ရှင်နေထိုင်နေကြတာကိုလည်း ရှာတွေ့ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဆိုပါလိုဏ်ခေါင်းကြီးထဲမှာ ဘာကြောင့် ဒီလိုမျိုး မတူညီတဲ့ဇီဝစနစ်တစ်ခုရှိနေတာလဲဆိုတာကို အဖြေရှာခဲ့ကြပေမယ့် ရေရာတိကျတဲ့ အဖြေတစ်ခုတော့ မရရှိခဲ့ပါဘူး။

၄- နမ်မေးလ်ဘီးယားကန္တာရအတွင်းက စက်ဝိုင်းများ

နမ်မေးလ်ဘီးယားကန္တာရဆိုတာ ဆင်တွေ-မြွေတွေ-မြင်းတွေနဲ့ အခြားသော အကောင်ဗလလောင်တွေ ကျက်စားလေ့ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုတောကောင်တွေအပြင် အဆိုပါ ကန္တာရအတွင်းမှာ တစ်ခါတစ်ရံမှာတော့ ရာနဲ့ချီတဲ့ စက်ဝိုင်းပုံတွေလည်း ပေါ်လာတတ်ပြီး တစ်ခါပေါ်ရင် အကွက်ပေါင်းများစွာ ပေါ်လေ့ရှိပါတယ်။ အဆိုပါစက်ဝိုင်းတွေရဲ့ ထူးခြားချက်ကတော့ စက်ဝိုင်းအကြီးအငယ်မရွေးဟာ လုံးဝိုင်းတဲ့ အနေအထားနဲ့ စက်ဝိုင်းတွေဖြစ်ပြီး တစ်ခုနဲ့တစ်ခုလည်း အရမ်းနီးနီးကပ်ကပ်ဖြစ်နေခဲ့ကြပါတယ်။ အရွယ်အစားက ၁၀ပေ ကနေ ပေ ၆၀လောက်အထိ ရှည်လျားပြီး ဘာကြောင့် ဒီလိုမျိုး ကန္တာရအတွင်းထဲမှာ စက်ဝိုင်းတွေပေါ်လာသလဲဆိုတာကို အဖြေမထုတ်နိုင်ခဲ့ကြပါဘူး။

သိပ္ပံပညာရှင်တွေကတော့ အဆိုပါစက်ဝိုင်းတွေပေါ်လာခြင်းအကြောင်းအရာတွေကို လိုက်လံစစ်ဆေးကြည့်ရာမှာ အနီးအနားမှာရှိနေတဲ့ သစ်ပင်တွေရဲ့ အချင်းချင်း ရေဓါတ်လုယူမှုကြောင့် ပေါ်လာလေ့ရှိတယ်လို့လည်းပြောကြပြီး တချို့ကတော့ ကန္တာရအတွင်းမှာ ကျက်စားနေတတ်တဲ့ ခြတွေရဲ့ နေအိမ်ဖွဲ့မှုကြောင့်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဖြေတွေက ရာနှုန်းပြည့်တိကျတဲ့ အဖြေတွေမဟုတ်ဘဲ မှားယွင်းမှုတွေလည်း ရှိခဲ့ပါတယ်။

၃ – ရေတွေ ဘယ်ရောက်သွားမှန်းမသိရတဲ မာရ်နတ်ရဲ့ ရေနွေးအိုးရေတံခွန်

အမေရိကန်နိုင်ငံ – မင်နီဆိုးတားပြည်နယ်မှာရှိတဲ့ ဒီရေတံခွန်ကို မြင်လိုက်တာနဲ့ အရမ်းလှပတဲ့ ရေတံခွန်တစ်ခုလို့ မြင်မိကြမှာ အသေအချာပါပဲ။ ဒါပေမယ့် အဆိုပါ ရေတံခွန်မှာ သိပ္ပံပညာရှင်တွေ အဖြေရှာလို့မရတဲ့ အရာတစ်ခုရှိနေပါသေးတယ်။ မာရ်နတ်ရဲ့ ရေနွေးအိုးလို့ နာမည်ပေးထားတဲ့ အဆိုပါရေတံခွန်ရဲ့ အနေအထားက အပေါ်တစ်ဆင့်- အောက်တစ်ဆင့်- ရေတံခွန်နှစ်ဆင့်ပါတဲ့ ရေတံခွန်ပဲဖြစ်ပါတယ်။ အောက်ပိုင်းမှာရှိ ရေတံခွန်ထဲက စီးကျလာတဲ့ ရေတွေဟာ အောက်ခြေမှာရှိတဲ့ ရေကန်ထဲကို စီးကျသွားပါတယ်။ ထူးခြားချက်ကတော့ အပေါ်အဆင့်မှာ ရှိနေတဲ့ရေတံခွန်ထဲက စီးကျလာတဲ့ ရေတွေကတော့ အောက်က ကန်ထဲကို ရောက်ရှိလာခြင်းလုံးဝမရှိခဲ့ပါဘူး။ အပေါ်ရေတံခွန်က စီးကျလာတဲ့ ရေတွေဟာ အောက်က ရေကန်ထဲကို မရောက်ခဲ့ရင် ဘယ်ကိုရောက်သွားသလဲဆိုတဲ့ မေးခွန်းဟာ သိပ္ပံပညာရှင်တွေကိုခေါင်းခြောက်စေခဲ့ပါတယ်။

လူတွေကတော့ အဆိုပါရေတွေ ဘယ်ရောက်သွားသလဲဆိုတာကို အဖြေရှာဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါသေးတယ်။ ပထမတစ်ကြိမ်ကတော့ ဒုတ်ချောင်းတစ်ချောင်းကို ရေတံခွန်ထဲ ပစ်ချလိုက်ပြီး တစ်ဖက်က ကန်ထဲမှာ ပေါ်လာ-မလာကို စောင့်ကြည့်ခဲ့ရာမှာအဆိုပါ ဒုတ်ချောင်းဟာ လုံးဝကို ပြန်ပေါ်မလာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒုတိယတစ်ကြိမ်ကတော့ သိပ္ပံပညာရှင်တွေက သဘာဝဆိုးဆေးအများအပြားကို ရေတံခွန်နဲ့အတူ သွန်ချလိုက်ပြီး စမ်သပ်ကြည့်ရာမှာ ကံဆိုးစွာနဲ့ပဲ ဆိုးဆေးပါတဲ့ ရေတွေဟာ လူမြင်ကွင်းကို ပေါ်မလာတော့ဘဲ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတော့တယ်။ အဆိုပါ ရေတံခွန်ထဲက စီးကျလာတဲ့ ရေတွေဟာ အောက်ကို ရောက်ရှိလာခြင်းမရှိရင် တစ်နေရာရာကို ရောက်ရှိသွားမှာသေချာပေမယ့် ဘယ်နေရာကို ရေတွေရောက်သွားသလဲဆိုတာကိုတော့ ယခုထက်ထိ ရှာမတွေ့သေးပါဘူး။

၂ – လှုပ်ရှားနေသောကျွန်းများ

၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ လေယာဉ်ပိုင်းလော့တစ်ယောက်က ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ပျံသန်းနေတဲ့အချိန် ပင်လယ်ထဲမှာ အသက်ဝင်လှုပ်ရှားနေတဲ့အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲပါတယ်။ အဆိုပါ အရာဟာ ထူးဆန်းတဲ့ အရာတစ်ခုဖြစ်ပြီး အနီးအနားလေးကို ကပ်ပြီး စူးစမ်းကြည့်ခဲ့ရာမှာတော့ ကျွန်းတစ်ကျွန်း ပင်လယ်ထဲမှာ မျောပါသွားလာနေတာကို တွေ့ခဲ့ရပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းပေါင်း ၂ သောင်းခွဲလောက်ရှိပြီး ယခုမြင်တွေ့နေရတဲ့ ကျွန်းလိုမျိုး ပင်လယ်ထဲမှာမျောပါနေတာမျိုး မရှိခဲ့ဖူးပါဘူး။ လေယာဉ်ပိုင်းလော့က သူမြင်တွေ့နေရတဲ့အရာကို အစိုးရဆီကို လှမ်းပြီး အကြောင်းကြားရာမှာ အစိုးရက ပင်လယ်ပြင်ကို အာကာသကနေ ဂြိုဟ်တုဓါတ်ပုံရိုက်ကြည့်လိုက်ချိန်မှာတော့ ပင်လယ်ပြင်ထဲမှာ အမည်မသိတဲ့ အရာတစ်ခုမျောပါနေတာကို တွေ့လိုက်ရပါတယ်။ အဆိုပါအရာဟာ လေယာဉ်ပိုင်းလော့တွေ့ခဲ့တဲ့ ကျွန်းတစ်ခုဖြစ်နေခဲ့ပြီး ထိုကျွန်းဟာ ဘယ်ကရောက်လာသလဲ၊ ဘာကြောင့် ဒီလိုမျိုး မျောပါနေသလဲဆိုတာကို မသိရှိခဲ့ကြပါဘူး။

အဆိုပါ ကျွန်းဟာ မိုင် ၂၀၀ လောက်ရှည်လျားတဲ့ ကျွန်းဖြစ်ပြီး ပင်လယ်ရေစီးကြောင်းအလိုက်မျောပါနေတာပဲ ဖြစ်ပါတယ်။ ကျွန်းကို တွေ့ရှိခဲ့ပြီး တစ်ပတ်အကြာမှာတော့ နယူးဇီလန်အစိုးရက စစ်တပ် တစ်ဖွဲ့ကို သင်္ဘောတစ်စင်နဲ့ ကျွန်းဆီ စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးခိုင်းခဲ့ပါတယ်။ ကျွန်းဆီကိုရောက်ရှိချိန်မှာတော့ ကျွန်းပေါ်က အရာအားလုံးဟာ ရွံနွံတွေလိုဖြစ်နေခဲ့ပြီး ပျော့အိအိဖြစ်နေတဲ့ မြေပြင်တစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ ကျောက်တုံးတွေနဲ့ ပုံစံတူတဲ့အရာတွေဟာ ရေပေါ်မှာ ပေါလောမျောနေပြီး တစ်ခုနဲ့ တစ်ခုချိတ်ဆက်ကာ ကြီးမားကျယ်ပြန့်တဲ့ ကျွန်းတစ်ခုလိုဖြစ်နေခဲ့တာပါ။ အရေအတွက်များပြားလွန်းလှတဲ့ အဆိုပါကျောက်တုံးတွေဟာ ရူပဗေဒရဲ့ သီအိုရီတွေကိုဆန့်ကျင်ပြီး ပင်လယ်ထဲမှာမျောပါနေတာက တကယ့်ကို ထူးဆန်းဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆိုပါအသက်ဝင်နေတဲ့ ကျွန်းရဲ့ နောက်ခံအကြောင်းကို စုံစမ်းခဲ့ပေမယ့် တိကျတဲ့ အဖြေတစ်ခုတော့ မရရှိခဲ့ပါဘူး။

၁ – မာဖာအလင်းလုံးများ

အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်မှာရှိတဲ့ မာဖာဆိုတဲ့ မြို့တစ်မြို့အနီးအနားမှာ ပေါ်ထွက်လာတတ်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။ အဆိုပါဖြစ်ရပ်ကတော့ မာဖာမြို့ရဲ့ ညအချိန်မှာမှ ပေါ်လာပြီး ရွေ့လျားနေတတ်တဲ့ အလင်းဘောလုံးတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အလင်း ဘောလုံးတွေရဲ့ အရွယ်အစားကတော့ ဘတ်စ်ဘောတစ်လုံးသာသာလောက်ပဲရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။ အဆိုပါ အလင်းဘောလုံးတွေက အဖြူ – အဝါ – အပြာ -အနီနဲ့လိမ္မော် စတဲ့ အရောင်မျိုးစုံတွေနဲ့ ပေါ်ထွက်လာတတ်ကြပြီး ဘယ်ကနေ ဘယ်လိုပေါ်ထွက်လာတယ်ဆိုတာကို ယနေ့အချိန်အထိ လုံးဝမသိရှိသေးပါဘူး။ ဒါ့အပြင် အဆိုပါအလင်းဘောလုံးတွေ ပေါ်ထွက်လာချိန်ဟာလည်းတိတိကျကျ သတ်မှတ်ချက်မဟုတ်ဘဲ ထွက်ချင်တဲ့ ချိန်မှ ထွက်လေ့ရှိတာကြောင့် တကယ့်ကို ကံကောင်းတဲ့သူတွေမှသာ မြင်ခွင့်ရရတယ်လို့ပဲ ပြောရမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လာခဲ့ကြတာ ကြာပြီဖြစ်တဲ့ တကယ့်ဒေသခံအမေရိကန်တွေကတော့ အဆိုပါ အလင်းဘောလုံးတွေကို ကြယ်ကြွေတွေလို့ ယုံကြည်လက်ခံထားကြပါတယ်။ မာဖာအလင်းဘောလုံးတွေကို ပထမဆုံးစတင်တွေ့ရှိတာကတော့ ၁၈၈၃ခုနှစ်မှာဖြစ်ပြီး ထိုအချိန်ကတော့ အဆိုပါအလင်းဘောလုံးတွေကို လူရိုင်းတွေရဲ့ မီးလင်းဖိုတွေလို့ပဲ ထင်မြင်နေခဲ့ကြတာပါ။ သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီအလင်းတန်းဘောလုံးကြီးတွေပေါ်ထွက်လာရာနေရာကို သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပေမယ့် ခိုင်မာတဲ့ သက်သေတွေ မရရှိခဲ့ကြဘဲ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလို့သာ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ လူတွေကတော့ အဆိုပါ အလင်းဘောလုံးတွေပေါ်ထွက်လာခြင်းက တခြားကမ္ဘာက ဂြိုဟ်သားတွေနဲ့ ဆက်နွယ်နေမယ်လို့လည်းယုံကြည်လက်ခံထားကြပါတယ်။

  နဲ့